◾️ မြန်မာနိုင်ငံနှင့် ဘူရားတီးယားပြည်နယ်တို့အကြား ပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး အဆိုပါ ခရီးစဉ်အတွင်း လိုက်ပါလာသည့် ဘူရားတီးရားပြည်နယ် ဒေသခံမီဒီယာများ၏ မေးမြန်းမှုများအပေါ် SAC ဥက္ကဋ္ဌ ပြန်လည်ဖြေကြားခဲ့

၂၉. ၆. ၂၀၂၅
Written by Nyein Kyaw
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် Baikal ရေကန်နှင့် Ulan-Ude LVRZ မီးရထားစက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေး စက်ရုံတို့သို့ သွားရောက်လေ့လာခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
SAC ဥက္ကဋ္ဌနှင့် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ဘူရားတီးရားပြည်နယ်၊ ပြည်နယ်အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov နှင့် တာဝန်ရှိသူများ လိုက်ပါ၍ Baikal ရေကန်အား ရဟတ်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြပြီး SAC ဥက္ကဋ္ဌအား ဘူရားတီးရားပြည်နယ်၊ ပြည်နယ်အကြီးအကဲက Baikal ရေကန်ဆိုင်ရာ အချက်အလက်များနှင့် ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ SAC ဥက္ကဋ္ဌက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
အဆိုပါ Baikal ရေကန်သည် ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသတောင်ပိုင်း Irkutsk Oblast နှင့် ဘူရားတီးရားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တို့အကြားတွင် တည်ရှိကြောင်းပြီး ကမ္ဘာပေါ်တွင် အနက်ဆုံးရေကန်တစ်ခုဖြစ်ပြီး အနက် ၁,၆၄၂ မီတာ (၅,၃၈၇ ပေ)ရှိကြောင်းသည့်အပြင် လွန်ခဲ့သော နှစ်ပေါင်းသန်း ၃၀ ခန့်ကတည်းက တည်ရှိခဲ့သည့် ရှေးအကျဆုံး ရေချိုရေကန်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် UNESCO မှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ၁၉၉၆ ခုနှစ်တွင် စာရင်းသွင်းခဲ့ပြီး ရှားပါးသော အပင်မျိုးစိတ် ၁,၀၀၀ ခန့်နှင့် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၂,၅၀၀ ခန့်ရှိသည့် ရေကန်တစ်ခုဖြစ်ကြောင်း၊ လခြမ်းပုံရှည်လျားသည့် ပုံသဏ္ဌာန်ရှိပြီး သဘာဝ၏အလှတရားနှင့် ထူးခြားသောအမွေအနှစ်တို့ဖြင့် ပြည့်နှက်လျက်ရှိသော ရေကန်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ SAC ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် Ulan-Ude LVRZ မီးရထား စက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံအကြီးအကဲ Zaborskikh Sergey Alexandrovich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီးနောက် SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း ပြုပြင်ရေးလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုလေ့လာကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
ယင်းနောက် စက်ရုံအကြီးအကဲနှင့် တာဝန်ရှိသူများက Ulan-Ude LVRZ မီးရထားစက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေးစက်ရုံနှင့် ပတ်သက်၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နိုင်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မှု၊ နိုင်ငံတကာနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြရာ SAC ဥက္ကဋ္ဌက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါ Ulan-Ude LVRZ မီးရထားစက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေးစက်ရုံသည် ၁၉၃၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော စက်ရုံတစ်ရုံဖြစ်ကြောင်း၊ အဆိုပါ စက်ရုံသည် ကမ္ဘာလုံးဆိုင်ရာ မီးရထားဆက်စပ်ပစ္စည်းများပြုပြင်ခြင်းနှင့် အပိုပစ္စည်း များထုတ်လုပ်ခြင်းဆိုင်ရာ အကြီးစားလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည့် Zheldorremmash ကုမ္ပဏီ၏ လက်အောက်ခံ စက်ရုံတစ်ရုံဖြစ်ကြောင်း၊ စက်ရုံအနေဖြင့် မီးရထား စက်ခေါင်းပြုပြင်ခြင်းလုပ်ငန်း၊ စက်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အပိုပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းဟူ၍ ၃ ပိုင်းခွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အဆိုပါစက်ရုံမှ ပြုပြင်မွမ်းမံရေးဆိုင်ရာ နည်းပညာအသစ်များအား အဆင့်မြှင့်တင်ခြင်း၊ မီးရထားစက်ခေါင်းများ၏ပျမ်းမျှ မောင်းနှင်နိုင်မှုကို ပြုပြင်မွမ်းမံခြင်း၊ အာမခံဝန်ဆောင်မှုပေးခြင်းနှင့် မီးရထားစက်ခေါင်းများ သက်တမ်းတိုးခြင်းနှင့် မီးရထားစက်ခေါင်း အဆင့်မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းများကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရှိရသည်။
SAC ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ Ulan-Ude LVRZ မီးရထားစက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေးစက်ရုံကြည့်ရှုလေ့လာစဉ် ဘူရားတီးရားပြည်နယ်မှ Arigus၊ ATV၊ Tivicom တို့အပါအဝင် ဒေသခံမီဒီယာများကလည်း လာရောက်သတင်းရယူခဲ့သည်။
စက်ရုံအတွင်း လေ့လာမှုများအပြီးတွင် SAC ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘူရားတီးရားပြည်နယ်၊ ပြည်နယ်အကြီးအကဲတို့သည် အဆိုပါ မီဒီယာမှ သိရှိလိုသည့် မြန်မာနိုင်ငံနှင့် ဘူရားတီးယားပြည်နယ်အကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ စီးပွားရေး၊ ပညာရေး၊ စက်မှုနည်းပညာ၊ ခရီးသွားကဏ္ဍ စသည်တို့တွင် ပူးပေါင်းဆောင်ရွက် မှုများကို တိုးမြှင့် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်၊ Ulan-Ude မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှသည် ကောင်စီတွဲဖက်အတွင်းရေးမှူး၏ ဇနီးဒေါ်နီလာနှင့် အဖွဲ့ဝင်များ၊ လိုက်ပါ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၏ ဇနီးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် Leo Bardamov ပြတိုက်သို့ သွားရောက်လေ့လာကြည့်ရှုခဲ့သည်။
SAC ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဘူရားတီးရားပြည်နယ် ဒုတိယအကြီးအကဲ Ms. Evgenia Yurievna Ludupova နှင့် Leo Bardamov ပြတိုက်မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီးနောက် SAC ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် Leo Bardamov ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုရာ ပြတိုက်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး SAC ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။

ယင်းနောက် SAC ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှသည် Leo Bardamov ပြတိုက် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီးနောက် SAC ဥက္ကဋ္ဌ၏ ဇနီးနှင့် ပြတိုက်တာဝန်ရှိသူတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။
အဆိုပါ Leo Bardamov ပြတိုက်သည် ဘူရားဒီရားပြည်နယ်၊ အူလန်အူဒယ်မြို့တွင် တည်ရှိပြီး ရှေးခေတ် ဆိုဗီယက်လူမျိုးတို့၏ ယဉ်ကျေးမှု အနုပညာလက်ရာများ၊ သမိုင်းကြောင်းများနှင့် စာပေများကိုလေ့လာနိုင်သည့်အပြင် ဗုဒ္ဒသာသာနှင့်ပတ်သက်သည့် သမိုင်းကြောင်းများ၊ ဆင်းတုတော်များနှင့် ၂၀ ရာစုနှစ် အနုပညာရှင်တို့၏ လက်ရာများကို လေ့လာခံစားနိုင်သည့် ပြတိုက်ဖြစ်သည်။
အဆိုပါ ပြတိုက်အား နေ့စဉ် နံနက် ၁၁ နာရီမှ ည ၇ နာရီအထိဖွင့်လှစ်ပြီး ပြတိုက်အတွင်း၌ စာပေယဉ်ကျေးမှု၊ ပန်းချီများ၊ အသုံးအဆောင်များစသည့် အနုပညာလက်ရာ အမျိုးအစားပေါင်း ၅,၀၀၀ ကျော်ပြသထားရှိကြောင်း သိရှိရသည်။
