၂၈.၆.၂၀၂၅
Translated by Htwe Ko Tun
သတင်းစာဆရာတွေအဖို့ ကမ္ဘာမှာ အမြင့်ဆုံးဆုဖြစ်တဲ့ ပူလစ်ဇာဆုရရှိထားတဲ့ ဝါရှင်တန်ပို့စ်သတင်းစာက ဓာတ်ပုံသတင်းထောက် သောမတ်စ် ဖမ်းလီဂရိုးကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့မှာ ဇွန်လ ၂၆ ရက်က FBI (ပြည်ထောင်စု စုံစမ်းထောက်လှမ်းရေးဗျူရို)ရဲ့ စုံထောက်တွေက ဖမ်းဆီးခဲ့ပြီး သူ့ရဲ့ ကွန်ပျူတာမှာ ကလေးသူငယ်တွေကို မတော်မတရား နှိပ်စက်တဲ့ပုံတွေ တွေ့ရမှုနဲ့အတူ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။
အသက် ၄၈ နှစ်ရှိ လီဂရိုးကို သူ့ရဲ့အိမ်မှာ ရှာဖွေဖမ်းဆီးဖို့ FBI စုံထောက်တွေက ဝရမ်းထုတ်ခဲ့ကြတာဖြစ်ပြီး အီလက် ထရွန်နစ်ပစ္စည်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ သူ့ကို နောက်အပတ်ထဲမှာ အာမခံပေးဖို့အတွက် ကြားနာခြင်းမပြုမီ ဇွန်လ ၂၇ ရက်က ဝါရှင်တန်ဒီစီက တရားသူကြီးတစ်ဦးရှေ့မှောက်မှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။
FBI စုံထောက်တွေက လီဂရိုးရဲ့ လက်ပ်တော့ကိုစစ်ဆေးပြီးတဲ့အခါမှာတော့ ကလေးသူငယ်မတော်မတရားနှိပ်စက်ဇာတ်လမ်းတွေကို ပုံဖော်ထားတဲ့ ဗီဒီယို ၁၁ ခု ပါဝင်တဲ့ ကွန်ပျူတာဖိုင်တစ်ခုကိုပါ တွေ့ရှိခဲ့ပါတယ်။
FBI က ရှာဖွေမှုတွေ ပြုလုပ်ခဲ့ရာမှာတော့ လီဂရိုးရဲ့ လက်ပ်တော့ကိုတွေ့ရှိတဲ့ အခန်းပြင်ဘက်က စင်္ကြံမှာ ကျိုးပဲ့နေတဲ့ ကွန်ပျူတာဒစ်ခ်တစ်ခုရဲ့အစိတ်အပိုင်းတွေကိုလည်း တွေ့ခဲ့ပါသေးတယ်။
ခုလိုဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းမှာ FBI က ကလေးသူငယ် ညစ်ညမ်းရုပ်ပုံဗီဒီယိုဝက်ဘ်ဆိုက်တွေက အသုံးပြုတဲ့ငွေပေးချေရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ E-Gold ကို စုံစမ်းစစ်ဆေးတဲ့ကိစ္စမှာ ခုလိုဖမ်းဆီးမှုတွေ ဖြစ်ရတာလို့ဆိုပါတယ်။
လီဂရိုးအနေနဲ့ ရှေ့နေတစ်ယောက်ငှားရမ်းထားခဲ့သလား ဒါမှမဟုတ် ဥပဒေအရ မေတ္တာရပ်ခံလျှောက်လဲချက်တင်သွင်းခွင့်ရလားဆိုတာလည်း သေချာမသိသေးပါဘူး။
ဝါရှင်တန်ပို့စ်သတင်းစာမှ ကြေညာချက်အကျဉ်းချုပ်တစ်ခုမှာတော့ သတင်းစာအနေနဲ့ အဆိုပါစွပ်စွဲချက်တွေရဲ့ တင်းကျပ်မှုကိုနားလည်ပြီး လီဂရိုးကို ခွင့်ယူထားတဲ့အနေနဲ့ဆောင်ရွက်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီစွဲချက်ကအများဆုံး ထောင်ဒဏ်အနှစ် ၂၀ အထိ အပြစ်ပေးနိုင်တယ်လို့လည်း သတင်းစာက ပြောခဲ့ပါတယ်။
Ref- The Telegraph
