
၂၈. ၆. ၂၀၂၅
Translated by Thettant
မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ဖျက်အားပြင်း ငလျင်ကြီးလှုပ်ခဲ့သည်မှာ သုံးလပြည့်ပြီးဖြစ်သော်လည်း မြန်မာပြည်သူများသည် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောကြားချက်အရ အဆိုပါငလျင်ဘေးအန္တရာယ်ကြောင့် လူပေါင်း ၃,၇၀၀ ကျော် သေဆုံးခဲ့ပြီး ၅,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လူနေအိမ် ၅၁,၂၁၀ လုံး၊ လမ်းလုပ်ငန်း ၄၃၁ ခု၊ တံတား ၁၀၃ စင်း၊ ရထားလမ်းပျက်စီးနေရာ ၈၃ နေရာနှင့် ရထားလမ်းတံတား ၁၁ စင်း၊ မိုဘိုင်းဆက်သွယ်ရေးစခန်း ၆,၇၃၀ ခု၊ မဟာဓာတ်အားလိုင်း ၁၀ လိုင်း၊ ဓာတ်အားလိုင်းတိုင် ၃,၄၃၅ တိုင်၊ ဆည်မြောင်း ၅၉၄ ခု၊ တာတမံ ၆ ခု၊ ဌာနအဆောက်အဦ ၁၁,၃၃၈ လုံး၊ ဆေးရုံ ၃၈၄ ရုံ၊ ဆေးခန်း ၃၆၄ ခန်း၊ ရှေးဟောင်းအဆောက်အဦနှင့် ပြတိုက် ၁၆၆ ခု၊ အခြေခံပညာကျောင်း ၂,၄၀၉ ကျောင်း၊ အဆင့်မြင့်ပညာကျောင်း ၇၂ ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်း ၉၀၊ ဘုရားစေတီ ၆,၄၆၉ ဆူ၊ ဘုန်းကြီးကျောင်း သီလရှင်ကျောင်းနှင့် အခြားဘာသာရေးအဆောက်အဦ ၅,၅၈၈ ခု၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ၃၄၄ ခု၊ သီးနှံ ၇၈ ဒသမ ၅ ဧက၊ တိရစ်ဆာန် ၁၃၃,၇၀၀ ကောင် ထိခိုက်ပျက်စီးခဲ့ရပြီး ကျပ်ဘီလျံ ၄၀၀၀ ခန့် ဆုံးရှုံးခဲ့ရသည်။
ထိုဖြစ်စဉ်နှင့် စပ်လျဉ်းပြီး NHK သတင်းဌာနသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အကြီးအကဲ Titon Mitra နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်းက ငလျင်ဒဏ်ခံရသူများ ဘဝပြန်လည်ထူထောင်နိုင်ရန် နိုင်ငံတကာအသိုက်အဝန်းက ဆက်လက်ပံ့ပိုးကူညီမှုများ ပေးအပ်ရန် တိုက်တွန်းခဲ့သည်။
ထို့အပြင် ငလျင်ဗဟိုချက်နှင့် နီးစပ်သော စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် ငလျင်ဒဏ်ခံရသော ဒေသများ၊ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့တို့၏ လက်ရှိအခြေအနေကို
Mitra က “ဒီလူပေါင်း ၂၀၀,၀၀၀ ဟာ ငလျင်ကြောင့် နေရပ်စွန့်ခွာခဲ့ရဆဲဖြစ်ပြီး အနည်းဆုံး ၅၀,၀၀၀ ဟာ ယာယီတဲတွေမှာ နေထိုင်နေရဆဲပါ။ နိုင်ငံတကာအဖွဲ့အစည်းများစွာက တဲတွေ ပံ့ပိုးပေးခဲ့ပေမယ့် အားလုံးကို မလုံလောက်သေးပါဘူး” ဟု ပြောကြားခဲ့သည်။
ထို့အပြင် ဘဝပြန်လည်ထူထောင်ရေးသည် အကြီးမားဆုံး စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ စိတ်ဝင်စားမှု လျော့ကျလာသည်ကို Mitra က စိုးရိမ်နေသည်။
“ဒါကို မေ့လျော့နေတဲ့ အကျပ်အတည်းလို့ ကျွန်တော် မပြောပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ (NHK)ရဲ့ ကြည့်ရှုသူတွေလည်း သိနေကြတယ်။ နိုင်ငံရေးသမားတွေလည်း သိနေကြတယ်။ ဒါကြောင့် ဒါကို လျစ်လျူရှုခံရတဲ့ အကျပ်အတည်းလို့ ကျွန်တော် ခေါ်ချင်ပါတယ်။ ကံမကောင်းစွာပဲ အာရုံစိုက်မှုက မတည်မြဲခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။
လက်ရှိအခြေအနေထိလည်း ငလျင်ဘေးကြောင့် ပြိုကျနေသော အိမ်များနှင့် အဆောက်အအုံများမှ အပျက်အစီးပုံများကြောင့် ဒေသများစွာ ထိခိုက်ပျက်စီးလျက်ရှိပြီး Mitra က ထိုအပျက်အစီး တန်ချိန် ၁ ဒသမ ၅ သန်းခန့်ကို ဖယ်ရှားရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။
Ref , NHK
