၂၇. ၆. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဒဏ်ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အသုံးစရိတ်များ ပိုမိုတိုးမြှင့်သုံးစွဲနေရသဖြင့် ယင်းအသုံးစရိတ်များ ကာမိစေရန် ပြည်ထောင်စုမှ အခွန်လျာထားချက် ပြည့်မီအောင် ဆောင်ရွက်နေသကဲ့သို့ တိုင်းနှင့်ပြည်နယ်အစိုးရများကလည်း လျာထားချက်များ ပြည့်မီအောင် ကောက်ခံနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယမန်နေ့က ပြုလုပ်သည့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ အခွန်ရငွေတိုးတက်ရရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှာကြားခဲ့သည်။
ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်အတွင်းရှိ မြို့များတွင် ဌာနဆိုင်ရာအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ လူနေအဆောက်အအုံများ ပြိုကျပျက်စီးခဲ့ခြင်း၊ ပြည်သူများ ထိခိုက်သေဆုံးခြင်းနှင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ပေါ်ခဲ့ရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါငလျင်ဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လျင်မြန်စွာ ဆက်လက်လုပ်ဆောင်လျက်ရှိရာ လိုအပ်သည့် အသုံးစရိတ်များ ပိုမိုတိုးမြှင့်သုံးစွဲနေရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယင်းအသုံးစရိတ်များ ကာမိစေရန်နှင့် ဘဏ္ဍာရေးလိုငွေပြမှုများလျှော့ချနိုင်ရန် ပြည်ထောင်စုအနေဖြင့်လည်း ပြည်ထောင်စု၏ အခွန်ကောက်ခံရန် လျာထားချက်များကို ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များကလည်း မိမိတို့ကောက်ခံရန် အခွန်လျာထားချက်များ ပြည့်မီအောင်ကောက်ခံနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် စနစ်တကျ အခွန်ကောက်ခံမှုဖြင့် အခွန်ရငွေနှင့် ဂျီဒီပီအချိုး တိုးတက်လာစေရေး၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံလောက်သည့် အသုံးစရိတ်များ တိုးတက်ရရှိရေးနှင့် ပြည်ထောင်စု၏ အခွန်ဘဏ္ဍာရငွေအပေါ်မှီခိုမှုကို လျှော့ချနိုင်ရေးတို့အတွက် ထိရောက်သည့် အခွန်စီမံခန့်ခွဲမှုစနစ်များဖြင့် ဒေသအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းမှာကြားခဲ့သည်။
