၂၇. ၆. ၂၀၂၅
Translated by Thettant, Htwe Ko Tun
အွန်လိုင်းကတစ်ဆင့် ချိန်းဆိုတွေ့ဆုံခဲ့သူ လူငယ်ကိုးဦးကို သတ်ဖြတ်ပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ခုတ်ထစ်ဖျက်ဆီး အလောင်းဖျောက်ခဲ့သူ ဂျပန်နိုင်ငံသားတစ်ဦးကို ဂျပန်နိုင်ငံမှာ ဒီ သောကြာနေ့မှာ ကွပ်မျက်လိုက်ပြီဖြစ်ပြီး ဒီကွပ် မျက်မှုက ၂၀၂၂ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံရဲ့ ပထမဆုံး သေဒဏ်စီရင်မှု ဖြစ်လာပါတယ်။
အသက် ၃၄ နှစ်အရွယ် တာကာဟီရို ရှီရိုင်ရှီဆိုသူဟာ လူငယ်များစွာကို သတ်ဖြတ်မှုအတွက် ကွပ်မျက်ခံခဲ့ရတာဖြစ်ပြီး သူ့သတ်ဖြတ်သူတွေထဲ တစ်ဦးကလွဲလို့ ကျန်သူတွေက အမျိုးသမီးတွေဖြစ်ကြပြီး ဒီလူတွေကို သူက လက်ရှိအချိန် X ဟု အမည်ပြောင်းထားတဲ့ Twitter လူမှုမီဒီယာပလက်ဖောင်းကတစ်ဆင့် ဆက်သွယ်ခဲ့ပြီး မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တာပါ။
ဒါကြောင့် သူ့ကို တွတ်တာလူသတ်သမား’Twitter Killer’ လို့ ဂျပန်နိုင်ငံမှာ ခေါ်ဆိုကြပြီး ရှီရိုင်ရှီက သူ့ပစ်မှတ်တွေအဖြစ်ကိုတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ရည်ရွယ်ကြောင်း ရေးသားဖော်ပြခဲ့တဲ့ တွတ်တာအသုံးပြုသူတွေကို ပစ်မှတ်ထားခဲ့တာပါ။ သူဟာ စိတ်ဓာတ်ကျဆင်းနေသူတွေကို သူတို့ကိုယ်သူတို့ သတ်သေမယ့် အစီအစဉ်မှာ ကူညီနိုင်ကြောင်း ဒါမှမဟုတ် သူတို့နှင့်အတူ သေဆုံးနိုင်ကြောင်း ပြောဆိုစည်းရုံးပြီးမှ သတ်ဖြတ်ခဲ့တာပါ။
ရှိရိုင်ရှီ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး တရားရေးဝန်ကြီး ကိုင်ဆုကီ ဆူဇူကီးက ၂၀၁၇ ခုနှစ်မှာ ရှီရိုင်ရှီ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများစွာမှာ “ဓားပြတိုက်မှု၊ မုဒိမ်းမှု၊ လူသတ်မှု၊ အလောင်းဖျက်ဆီးမှုနဲ့ အလောင်းစွန့်ပစ်မှု”တို့ ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ရှီရိုင်ရှီဟာ မိမိရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ငွေကြေးဆိုင်ရာ ဆန္ဒတွေကို ဖြည့်ဆည်းဖို့ ကိုယ်ကျိုးရှာမှုအပြည့်နဲ့ ကျူးလွန်ခဲ့တာဖြစ်ပြီး သူကျူးလွန်တဲ့ လူသတ်မှုများစွာက လူ့အဖွဲ့အစည်းကို ကြီးမားတဲ့ ထိတ်လန့်မှုနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်စေခဲ့ပါတယ်” လို့ ဆူဇူကီးက ပြောကြားခဲ့သလို “များစွာ စေ့စေ့စပ်စပ် စဉ်းစားပြီးနောက်မှာ ကျွန်တော် သူ့ကို သေဒဏ်စီရင်ဖို့ အမိန့်ချခဲ့ပါတယ်”လို့ ဆက်လက်ပြောပါတယ်။
ဒီဖြစ်ရပ်မှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပျောက်ဆုံးမှုကို စုံစမ်းနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ၂၀၁၇ ခုနှစ် ဆောင်းဦးရာသီမှာ လူသတ်မှုတွေကို တွေ့ရှိခဲ့တာပါ။ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဆန္ဒရှိတယ်လို့ တွတ်တာမှာ ရေးသားခဲ့အမျိုးသမီးရဲ့ အကိုဟာ သူမရဲ့ Twitter အကောင့်ကို ဝင်ရောက်ကြည့်ရှုခဲ့ပြီး သတင်းပေးခဲ့တာကြောင့် နောက်ဆုံးမှာ ရဲတွေက ရှီရိုင်ရှီရဲ့ နေအိမ် သွားရောက်စစ်ဆေးချိန် ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ဖြတ်တောက်ထားတဲ့ အလောင်း ၉ လောင်းကို တွေ့ရှိခဲ့တာပါ။ အလောင်းတွေမှာ အမျိုးသမီးသုံးဦးကတော့ ဆယ်ကျော်သက်တွေဖြစ်ပြီး အမျိုးသမီးငါးဦးကတော့ လူငယ်တွေဖြစ်ကာ သူတို့ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တာပါ။ အမျိုးသားတစ်ဦးကတော့ သတ်ဖြတ်ခံအမျိုးသမီးတစ်ဦးရဲ့ ရည်းစားဖြစ်ပြီး နှုတ်ပိတ်ဖို့ သတ်လိုက်တာပါ။
ရှီရိုင်ရှီဟာ သူ့ပစ်မှတ်တွေကို မြို့တော်တိုကျိုအနီးက သူ့ အိမ်ငယ်လေးဆီ သွေးဆောင်ခေါ်ယူ ပြုကျင့်သတ်ဖြတ်ပြီးနောက်မှာ သက်သေခံအလောင်းတွေကို ဖုံးကွယ်ဖို့ ဖြတ်တောက်ပြီး အအေးခံပုံးတွေနဲ့ အခန်းထဲဝှက်ထားခဲ့တာပါ။ ရှီရိုင်ရှီရဲ့ ရှေ့နေတွေက သူ့ရဲ့ ပစ်မှတ်တွေဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စိတ်ကူးတွေ ဖော်ပြခဲ့ကြပြီး သေဆုံးဖို့ သဘောတူခဲ့ကြတာကြောင့် ရှီရိုင်ရှီကို သေဒဏ်အစား ထောင်ဒဏ်သာ ချမှတ်သင့်တယ်လို့ ငြင်းခုံခဲ့ကြပေမဲ့ အဲဒီအချိန်က သတင်းတွေအရ တရားသူကြီးက လျှောက်လဲမှုကို ပယ်ချခဲ့ပြီး ရှီရိုင်ရှီကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ”ကောက်ကျစ်ပြီး ရက်စက်ကြမ်းကြုတ်တယ်”လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သားကောင်တွေရဲ့ ဂုဏ်သိက္ခာကို နင်းခြေခဲ့တဲ့လုပ်ရပ်လို့ ထပ်ဆင့် ပြောကြားခဲ့သလို ရှီရိုင်ရှီဟာ စိတ်ပိုင်းဆိုင်ရာ နုနယ်သူတွေကို အမြတ်ထုတ်ခဲ့တယ်လို့လည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။
အဲဒီနောက် ရှီရိုင်ရှီကို ၂၀၂၀ ပြည့်နှစ်မှာ အသက် ၁၅ နှစ်ကနေ ၂၆ နှစ်ကြား လူငယ် ၉ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်မှုအတွက် သေဒဏ်ချမှတ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန်လ ၂၇ ရက်မှာတော့ သေဒဏ်ချခဲ့တာပါ။ ဂျပန်နိုင်ငံမှာ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၁၀၀ ဦး ရှိပြီး ထက်ဝက်နီးပါးက ပြန်လည်စစ်ဆေးဖို့ တောင်းဆိုနေတယ်လို့လည်း တရားရေးဝန်ကြီးဆူဇူကီးက ပြောကြားခဲ့ပါတယ်။
- Ref , RTE & Asharq Al Awsat





