၂၇.၆.၂၀၂၅
Translated by Htwe Ko Tun
ကင်ညာနိုင်ငံမှာ ဇွန်လ ၂၅ ရက်ကဖြစ်ပွားခဲ့တဲ့ အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုတွေမှာ လူထောင်နဲ့ချီပြီး လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပြီးတဲ့နောက်မှာတော့ လူ ၁၆ ဦးသေဆုံးပြီး လူ ၄၀၀ ခန့်လည်း ဒဏ်ရာရခဲ့ကြတယ်လို့ ကင်ညာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့က ဇွန်လ ၂၆ ရက်မှာ ပြောခဲ့ပါတယ်။
ဆန္ဒပြပွဲတွေမှာ သေဆုံးသူအရေအတွက်ကိုတော့ ကင်ညာလူ့အခွင့်အရေးအဖွဲ့ကို ခေါင်းဆောင်တဲ့ အီရွန် ဂူဟော့တန်က အတည်ပြုခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက စတင်ဖြစ်ပွားခဲ့ပြီး လူအများအပြားသေဆုံးကာ နိုင်ငံတစ်ဝန်း မတည်မငြိမ်ဖြစ်ခဲ့ရတဲ့ အစိုးရရဲ့အခွန်ကောက်ခံမှုမူဝါဒကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေက ဒီအပတ်ထဲမှာတော့ တစ်နှစ်ပြည့်တဲ့အနေနဲ့လည်း ဆန္ဒပြသမားတွေက လမ်းမတွေပေါ် ထပ်မံထွက်လာကြတာပါ။
၂၀၂၄ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ဆန္ဒပြပွဲတွေကြောင့် အစိုးရအနေနဲ့ အငြင်းပွားနေရတဲ့ အခွန်ကောက်ခံမှုတိုးမြှင့်မယ့် ဘဏ္ဍာရေးဥပဒေကြမ်းကို ပြန်လည်ရုပ်သိမ်းခဲ့ရပါတယ်။ ဒါပေမယ့် ကင်ညာနိုင်ငံရဲ့လူငယ်တွေကြားထဲမှာတော့ ကျောင်းဆရာတစ်ယောက် ရဲတပ်ဖွဲ့က ချုပ်ထားတုံးသေဆုံးခဲ့ရမှုနဲ့ အမည်မဖော်တဲ့ လက်နက်မပါတဲ့ လမ်းဘေးဈေးသည်တစ်ဦးလည်း သေနတ်နဲ့ပစ်ခံသေဆုံးခဲ့ရမှုတွေအပါအဝင် ရဲတပ်ဖွဲ့ရဲ့ ရက်စက်တဲ့လုပ်ဆောင်မှုအချို့အတွက် အခုထိမကျေမနပ် ဒေါသဖြစ်နေကြပါတယ်။
ဇွန်လ ၂၅ ရက်ကဆိုရင် မြို့တော်နိုင်ရိုဘီ၊ ကမ်းရိုးတန်းမြို့ မွမ်ဘာဆာနဲ့ တခြားမြို့ကြီးတွေမှာ ဆန္ဒပြမှု တစ်နှစ်မြောက်အဖြစ် လူထောင်နဲ့ချီတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာပါ။
မြို့တော်နိုင်ရိုဘီမှာ ကင်ညာပါလီမန်အဆောက်အအုံနဲ့ သမ္မတရုံးကို ဦးတည်တဲ့လမ်းတွေပေါ်မှာ ဆန္ဒပြမှုတွေမဖြစ်မီထဲကအတားအဆီးတွေ ချထားခဲ့တာပါ။
ရဲတပ်ဖွဲ့က နိုင်ရိုဘီမြို့အတွင်း ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို လူစုကွဲစေဖို့ ဇွန်လ ၂၅ ရက်မှာ ကျည်အများအပြားပစ်ခတ်ခဲ့တယ်လို့ CNN သတင်းဌာနက ဆိုပါတယ်။ အစိုးရရဲ့စောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ ကင်ညာဆက်သွယ်ရေးအာဏာပိုင်အဖွဲ့ကလည်း နိုင်ငံတွင်းရှိ ရေဒီယိုနဲ့ရုပ်မြင်သံကြားစခန်းတွေကို လူငယ်တွေ ဦးဆောင်တဲ့ဆန္ဒပြ ချီတက်မှုတွေပါတဲ့ သတင်းပေးပို့မှုတွေ ထုတ်လွှင့်မှုရပ်ဆိုင်းကြဖို့ ညွှန်ကြားခဲ့ပါတယ်။
ဆန္ဒပြသမားအချို့က အသုံးပြုပစ်ခတ်ပြီးဖြစ်တဲ့ ကျည်ခွံတွေကို ပြသခဲ့ကြပါတယ်။ သူတို့ကို မျက်ရည်ယိုဗုံးတွေ၊ ရေအမြောက်တွေနဲ့ ရဲတပ်ဖွဲ့က တွန်းလှန်ခဲ့တာကြောင့် ပြီးခဲ့တဲ့တစ်နှစ်က အခြေအနေတွေနဲ့ ဆင်တူယိုးမှားပဲ ဖြစ်ခဲ့တယ်လို့ဆိုကြပါတယ်။
ဇွန်လ ၂၅ ရက်က နိုင်ရိုဘီမြို့ ဆန္ဒပြပွဲတွေမှာ လူ ၄၀၀ လောက်ဒဏ်ရာရခဲ့တဲ့အထဲမှာ ၈၃ ဦးက ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ပြီး အနည်းဆုံးရှစ်ဦးက ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကင်ညာလူ့အခွင့် အရေးအဖွဲ့က ကြေညာခဲ့ပါတယ်။
Ref- CNN









