၂၆. ၆. ၂၀၂၅
Written by Nyein Kyaw
ပြည်ပတင်ပို့လျက်ရှိသည့် မြန်မာ့ဒူးရင်းသီးများအတွက် ခိုင်မာသော ပြည်ပဈေးကွက်အသစ် ဖော်ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ယမန်နေ့က ပြုလုပ်သည့် မြန်မာ့ဒူးရင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်သစ်ဖော်ထုတ်ပေးနိုင်ရေးဖိုရမ်တွင် မှာကြားခဲ့သည်။
မြန်မာ့ရေမြေရာသီဥတုတွင် အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းပြီး ပြည်ပဈေးကွက် အလားအလာရှိသော ဒူးရင်းသီးကို လုပ်ငန်းရှင်များနှင့် တောင်သူများ စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးဖော်ထုတ်ပြီး ကဏ္ဍအလိုက်သုံးသပ်ဆွေးနွေးနိုင်ရန် ယခုဖိုရမ်ကို ကျင်းပရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အလားတူ ပြည်ပဈေးကွက်သို့ လမ်းကြောင်းအမျိုးမျိုးမှ တင်ပို့လျက်ရှိသည့် မြန်မာ့ဒူးရင်းသီးများအတွက် ခိုင်မာသော ပြည်ပဈေးကွက်အသစ် ဖော်ထုတ်ပေးနိုင်ရေးကိုလည်း ဌာနတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ အပြန်အလှန် ဆွေးနွေးဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ဒူးရင်းမျိုးများမှ အနံ့အရသာကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်သော ဒူးရင်းမျိုးကို ရွေးချယ်ဖော်ထုတ်နိုင်ရန်၊ အရည်အသွေးကောင်း ဒေသမျိုးများကို ပြည်တွင်းစားသုံးသူဈေးကွက်နှင့် ပြည်ပဈေးကွက်သို့ မိတ်ဆက်ပေးနိုင်ရန် ယခုဖိုရမ်ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒူးရင်းသီးနှံကို စနစ်တကျ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရန်၊ ပြည်တွင်းစားသုံးမှုသာမက ပြည်ပဈေးကွက်သို့ အရည်အသွေးမြင့် မြန်မာပို့ကုန်တစ်ခုအဖြစ် တိုးတက်တင်ပို့ရောင်းချနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
