၂၆.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့်က အစ္စရေးနဲ့အီရန်တို့အကြား ဖြစ်ပွားနေတဲ့စစ်ပွဲက ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အီရန်နျူကလီးယားအစီအစဉ်နဲ့ပတ်သက်လို့ အီရန်တာဝန်ရှိသူတွေနဲ့ နောက်ရက်သတ္တပတ်အတွင်း တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဇွန်လ ၂၅ ရက်က အသားပေးပြောကြားခဲ့ပါတယ်။
ထရန့်က “ကျွန်တော် သေချာမသိသေးပေမယ့် သဘောတူညီချက်တစ်ရပ်ကိုတော့ ကျွန်တော်တို့ ဒီဆွေးနွေးပွဲမှာ လက်မှတ်ထိုးနိုင်တယ်။ ဒါက မရှိမဖြစ် လိုအပ်တာတော့မဟုတ်ဘူး။ ကျွန်တော်တို့ တောင်းဆိုနေတာက အရင်ကလည်းပြောခဲ့တဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ဘက်က အီရန်မှာ နျူကလီးယား လုံးဝမရှိဖို့ လိုလားပါတယ်” လို့ ပြောခဲ့ပါတယ်။
ညှိနှိုင်းဆွေးနွေးပွဲတွေက အီရန်ရဲ့ နျူကလီးယားအဆောက်အအုံသုံးခုကို အမေရိကန်က ဇွန်လ ၂၂ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်မှာ ဖြစ်ပေါ်လာခဲ့တာပါ။
ပေါက်ကြားမှုရှိခဲ့တဲ့ အမေရိကန်ထောက်လှမ်းရေးရဲ့ စိစစ်တွေ့ ရှိချက်က အီရန်နျူကလီးယားအစီအစဉ်ရဲ့ အဓိကကျတဲ့အစိတ်အပိုင်းတွေဟာ ဖျက်ဆီးမခံရဘဲ လအတော်ကြာ နှောင့်နှေးသွားရုံလောက်သာရှိမယ်လို့ သုံးသပ်ထားပါတယ်။ ထရန့်ကတော့ ဒီသတင်းတွေကိုပယ်ချခဲ့ပြီး အီရန်နိုင်ငံတွင်း တိုက်ခိုက်ခဲ့တဲ့ နျူကလီယားအဆောက်အအုံတွေကို လုံးဝ ချေမှုန်းခဲ့တာလို့ ဆိုခဲ့ပါတယ်။
ထရန့်က “အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် အီရန်နျူကလီးယားအဆောက်အအုံတွေကို ဗုံးကြဲဖျက်ဆီးခဲ့ပြီးတဲ့နောက်မှာ အီရန်ရဲ့ နျူကလီးယားလက်နက်တွေလုပ်နိုင်မယ့် စွမ်းရည်ကို နှစ်နဲ့ချီလို့ နှောင့်နှေးကြန့်ကြာသွားစေမှာဖြစ်တယ်” လို့ ပြောခဲ့ပါသေးတယ်။
ဒါ့ပြင် ထရန့်က သည်ဟိဂ်မြို့မှာကျင်းပတဲ့ နေတိုးအုပ်စုအစည်းအဝေးမှာ အခုလိုအစ္စရေး-အီရန်စစ်ပွဲကိုပြီးစေခဲ့တဲ့ အီရန်နျူကလီးယားအဆောက်အအုံတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုကို ဒုတိယကမ္ဘာစစ်ကြီးကိုပြီးစေခဲ့တဲ့ အမေရိကန်ရဲ့ ဂျပန်နိုင်ငံအပေါ် အနုမြူဗုံးကြဲချမှုတွေနဲ့ ခိုင်းနှိုင်းပြောခဲ့ပါတယ်။ သူက “အခုဆိုရင် အစ္စရေး-အီရန် စစ်ပွဲလည်းပြီးပါပြီ။ ကျွန်တော့်အနေနဲ့ ဟီရိုရှီးမားလို၊ နာဂါစကီးလို တိုက်ခိုက်မှုတွေကို ဥပမာယူပြီးမလုပ်ချင်ဘူး။ ဒါပေမယ့် မလုပ်မဖြစ် ဖြစ်နေလို့ပါ” လို့ ပြောခဲ့ပါသေးတယ်။
Ref- NHK
