၂၆. ၁၂. ၂၀၂၅
Written by Tha Doe
သုခဒဂုံအငှားအိမ်ရာတွင် အခန်းမဲပေါက်သူက ကိုယ်တိုင်မနေဘဲ တစ်ဆင့်ခံပြန်ငှားစားသဖြင့် တိုင်ကြားသည့်လင်မယားကို တိုင်ကြားခံရသူက အငြိုးထားပြီး ဇနီးမောင်နှံနှစ်ဦးစလုံးကို ညအချိန် အခန်းတွင်းဝင်ရောက်ကာ သတ်ဖြတ်မှုတွင် ကျူးလွန်သူ တရားခံများကို ၁၂ နာရီအတွင်း ဖမ်းမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၂၁ ရက် နံနက် ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ သုံးခွရပ်ကွက်၊ သုခဒဂုံအိမ်ရာ၊ တိုက်(၄၄)၊ အခန်းအမှတ်(၂၀၃)နေ ဦးနေလင်း(၅၃)နှစ်နှင့် ၎င်း၏ဇနီး ဒေါ်နှင်းယုအောင်(၃၃)နှစ်တို့ နှစ်ဦးသည် နေအိမ်အိပ်ခန်းအတွင်း အိပ်ပျော်နေစဉ် အနက်ရောင်မျက်နှာဖုံး ဝတ်ဆင်ထားသည့် အမျိုးသား နှစ်ဦး(စိစစ်ဆဲ)မှ ၎င်းတို့နှစ်ဦး၏ လည်ပင်းအား လာရောက်ညှစ်သဖြင့် ပြန်လည်ရုန်းကန်ခဲ့ရာ အမျိုးသားတစ်ဦး(စိစစ်ဆဲ)မှ မီးဖိုခန်းအတွင်း ပြေးသွား၍ ဓားတစ်ချောင်း ယူဆောင်လာပြီး ဦးနေလင်းနှင့် ဒေါ်နှင်းယုအောင်တို့ နှစ်ဦးအား ဓားဖြင့် အချက်ပေါင်းများစွာထိုးကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးနေလင်းတွင် ဝဲရင်အုံထိုးသွင်း ဒဏ်ရာ ၂၅ ချက်၊ လည်ပင်း ထိုးသွင်းဒဏ်ရာ ၃ ချက်၊ ယာနံဘေးထိုးသွင်း ဒဏ်ရာ ၃ ချက်တို့ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဒေါ်နှင်းယုအောင်တွင် ဝဲနံဘေးထိုးသွင်း ဒဏ်ရာ ၅ ချက်၊ ယာလက်ဖျံထိုးသွင်း ဒဏ်ရာ ၃ ချက်၊ ဝဲခြေသလုံးထိုးသွင်း ဒဏ်ရာ ၃ ချက်တို့ ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူခဲ့ရသောကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်း (ပ) ၅၀၀/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုရေးဖွင့်ကာ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။
ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူတရားခံများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ မသင်္ကာသူများအား စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ရာ အခန်းအမှတ်(၂၀၄)၌ အခန်းပိုင်ရှင် ကျော်အောင်(၅၃)နှစ်(ဘ)ဦးခင်မောင်လွင်နှင့်အတူ အခန်းအမှတ် (၂၀၂)နေ မင်းဇော်(ခ)မင်းမင်း(၅၈)နှစ်(ဘ)ဦးထွန်းရင်တို့ နှစ်ဦးအား တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ မင်းဇော်(ခ)မင်းမင်း ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်းမှ ဦးနေလင်းပိုင်ဆိုင်သည့် YGN-36/5D-XXXX TOYOTA VITZ ခဲရောင်မော်တော်ယာဉ်၏ မှတ်တမ်းဓာတ်ပုံအား ကိုမြင့်သူ (ကလော) (စိစစ်ဆဲ)ထံသို့ ပေးပို့ကာ လိုင်စင်မဲ့ကားရောင်းရန်ရှိကြောင်း ပေးပို့ထားသည်ကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ၎င်းတို့နှစ်ဦးအား ဖမ်းဆီးကာ အသေးစိတ်စစ်ဆေးခဲ့သည်။
ဖမ်းဆီးရမိတရားခံ ကျော်အောင်၏ ထွက်ဆိုချက်အရ ၎င်းသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ သုံးခွရပ်ကွက်၊ သုခဒဂုံအိမ်ရာ၊ တိုက်(၄၄)၊ အခန်းအမှတ်(၂၀၄) အား မဲပေါက်၍ ရရှိထားပြီး အဆိုပါအခန်းအား ကိုယ်တိုင်နေထိုင်ခြင်းမပြုဘဲ အခြားသူအား ငှားရမ်းထားသည်ကို ဦးနေလင်းမှ အိမ်ရာကော်မတီသို့ တိုင်တန်းခဲ့သဖြင့် အိမ်ရာကော်မတီမှ စည်းကမ်းချက်နှင့်မညီလျှင် တိုက်ခန်းအား ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း သတိပေးခံရသဖြင့် ဦးနေလင်းအား အငြိုးထားခဲ့ကြောင်း၊ မကျေနပ်ချက်အပေါ် အခြေခံ၍ ဦးနေလင်းအား သတ်ရန်ကြံရွယ်ပြီး ၎င်း၏သူငယ်ချင်းဖြစ်သူ မင်းဇော်(ခ)မင်းမင်းနှင့် ဇွန် ၂၀ ရက်တွင် အခန်းအမှတ်(၂၀၄)၌ တွေ့ဆုံတိုင်ပင်ခဲ့ကြောင်း၊ ထို့နောက် ဇွန်လ ၂၁ ရက် နံနက် ၂ နာရီတွင် ၎င်းတို့နှစ်ဦးသည် အနက်ရောင်မျက်နှာဖုံးများဝတ်ဆင်ကာ ဦးနေလင်း၏ အခန်းအမှတ်(၂၀၃)အတွင်းသို့ နောက်ဖေးပြတင်းပေါက်မှ ဝင်ရောက်ခဲ့ကာ မင်းဇော်(ခ)မင်းမင်းမှ ၎င်းအသင့်ယူဆောင်လာသည့် ဓားဦးချွန်အား အဆိုပါအခန်း မီးဖိုခန်းဘေစင်ပေါ်၌ ထားခဲ့ကြောင်း၊ ထို့နောက် အိပ်ခန်းအတွင်း ဝင်ရောက်ကာ ဦးနေလင်းအား ကျော်အောင်မှလည်းကောင်း ဒေါ်နှင်းယုအောင်အား မင်းဇော်(ခ)မင်းမင်းမှလည်းကောင်း လည်ပင်းညှစ်၍ သတ်ရန်အားထုတ်ခဲ့ရာ ၎င်းတို့မှရုန်းကန်၍ ပြန်လည်တိုက်ခိုက်လာသဖြင့် မင်းဇော်(ခ)မင်းမင်းမှ မီးဖိုခန်းအတွင်း ထားခဲ့သည့် ဓားဦးချွန်အား သွားရောက်ယူဆောင်၍ ဒေါ်နှင်းယုအောင်နှင့် ဦးနေလင်းတို့အား အချက် ၂၀ ခန့်ထိုးခဲ့ကြောင်း၊ အဆိုပါဓားအား ကျော်အောင်မှယူ၍ ဦးနေလင်းအား အချက် ၂၀ ခန့်ထပ်မံထိုးခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့နှစ်ဦးသည် ဦးနေလင်းနှင့် ဒေါ်နှင်းယုအောင်တို့ ပိုင်ဆိုင်သည့် လက်ကိုင်ဖုန်း ၃ လုံး၊ TABLET ၁ လုံးတို့အား ယူဆောင်ကာ မီးဖိုခန်းပြတင်းပေါက်မှ ပြန်လည်ထွက်ပြေးခဲ့ကြောင်း စစ်ဆေးဖော်ထုတ်သိရှိခဲ့ရသဖြင့် သက်သေခံပစ္စည်းများ သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ အခန်းအမှတ်(၂၀၄)အတွင်းမှ ၎င်းတို့ယူဆောင်သွားသည့် လက်ကိုင်ဖုန်း ၃ လုံး၊ TABLET ၁ လုံး၊ ပြစ်မှုကျူးလွန်စဉ်က ၎င်းတို့အသုံးပြုခဲ့သည့် အရိုး/အသွား ၉ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်းနှင့် ဆက်စပ်ပစ္စည်းများအား ပြန်လည်သိမ်းဆည်းရရှိခဲ့သည်။
ဖြစ်စဉ်တွင် တိုက်ခန်းအိမ်ရာကော်မတီသို့ တိုင်ကြားခဲ့သည့်ကိစ္စအား အခြေခံကာ လူသတ်ရန် ကြိုတင်ကြံစည်ကာ ညအချိန်တိုက်ခန်းအတွင်း ဝင်ရောက်၍ လူသတ်မှုကျူးလွန်ခဲ့သူ ကျော်အောင်နှင့် ပူးပေါင်းပါဝင်ကျူးလွန်ခဲ့သူ မင်းဇော်(ခ)မင်းမင်းတို့ နှစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ စုံစမ်းဖော်ထုတ်ခဲ့မှုကြောင့် အခင်းဖြစ်ပြီး ၁၂ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် ဖမ်းဆီးရမိ တရားခံနှစ်ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

