၂၆.၆. ၂၀၂၅
Written by Hey Mar
မနေ့က ဇွန်လ ၂၅ ရက်နေ့ တစ်နေ့တည်းမှာ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ကနေ ပိုင်ရှင်မဲ့ အလောင်းနှစ်လောင်း ကောက်ယူပေးခဲ့ရတယ်လို့ လင်းလက်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ရုပ်အလောင်း နှစ်လောင်းစလုံးက သက်ကြီးပိုင်း အမျိုးသားတွေဖြစ်ပြီး တစ်ဦးက အာဟာရပြတ်ကာ သေဆုံးသွားတာဖြစ်သလို နောက်တစ်ဦးက ဦးနှောက်သွေးကြောပြတ်သေဆုံးတာလို့ သိရပါတယ်။
အာဟာရပြတ်သေဆုံးခဲ့တဲ့ လူနာက ဗိုလ်တထောင်မြို့နယ်၊ လင်းစဒေါင်းရပ်ကွက်ရုံးရှေ့မှာနေထိုင်ပြီး မိသားစုက စွန့်ပစ်ခံလူနာတစ်ဦ်းလို့လည်း သိရပါတယ်။ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ လင်းလက်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ” သူက အရင်ကတော့ ရေနံစည်သင်္ဘောမောင်းတဲ့ မာလိန်မှူးလို့ ပြောကြတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကတော့ သူ့ဆီကို ကားတွေနဲ့ သားသမီးဆိုလား၊ တူသားတွေဆိုလား ရောက်လာသေးတယ်။ အခုကဘယ်သူမှမလာတာ အတော်ကြာပြီတဲ့။ ရပ်ကွက်က စောင့်ရှောက်ထားပေမယ့်လည်း ဖိဖိစီးစီးတော့မကြည့်နိုင်ကြဘူးပေါ့” လို့ MT News ကို ပြောပါတယ်။
နောက်တစ်ဦးက မော်လမြိုင်ကနေ ရန်ကုန်ကို လာဟန်ရှိပြီး ခရီးသွားထောက်ခံချက်တွေလည်း ပါလာတဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦးလို့ သိရပါတယ်။ ဗိုလ်တထောင်ဆိပ်ကမ်း သင်္ဘောဆိပ်မှာ ကျောပိုးအိတ်တစ်လုံးနဲ့အချိန်အတော်ကြာထိုင်နေတာကို တွေ့ရှိသူတချို့လည်း ရှိလိုက်သလို လူမှုကူညီရေးအသင်းတာဝန်ရှိသူတွေ ရောက်ရှိချိန်မှာတော့ သေဆုံးနေခဲ့ပြီလို့လည်း သိရပါတယ်။
“သူ့ကျောပိုးအိတ်ကို သက်ဆိုင်ရာကနေ ရှာဖွေပုံစံနဲ့ ရှာတော့ ပိုက်ဆံ ကျပ် ၆၀၀၀ ကျော်၊ မှတ်ပုံတင်၊အမျိုးသမီး အင်္ကျီလေး တစ်စုံ၊ အမျိုးသားဝတ် တစ်စုံ၊ ခရီးသွား ထောက်ခံချက်။ ဒါတွေ တွေ့ရတယ်။ မိသားစုတော့ ရှိပုံရတယ်။ လတ်တလောတော့ ပိုင်ရှင်မဲ့အနေနဲ့ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ပေးခဲ့တယ်” လို့ လင်းလက်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။
ကောက်ယူရရှိတဲ့ ရုပ်အလောင်းနှစ်လောင်းကို ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ထားပြီး သုံးရက်စောင့်ဆိုင်းတဲ့အထိ ပိုင်ရှင်မပေါ်ပါက စည်ပင်ကို ပြန်လည်ပို့အပ်ပေးရပြီး စည်ပင်သာယာ အကူအညီနဲ့ စုပေါင်းသင်္ဂြိုဟ်သလို အလှူရှင်ရှိပါကလည်း ထုံးတမ်းအစဉ်အလာတွေအတိုင်း သင်္ဂြိုဟ်ခွင့်ရရှိအောင် ဆောင်ရွက်ပေးတယ်လို့လည်း သိရပါတယ်။

