MT News
၂၆. ၅. ၂၀၂၅
၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၅၅၉၃ မှုမှ တရားခံ ၇၈၂၈ ဦး၊ တန်ဖိုးငွေကျပ် ၁၁၆၃ ဘီလျံ ကျော်ဖိုး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ဟု ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ထံမှ ပေးပို့သည့်သဝဏ်လွှာကို ယနေ့ နိုင်ငံပိုင်သတင်းစာများက ဖော်ပြလာမှုအရ သိရသည်။
နိုင်ငံအတွင်း ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးပေါင်း အကြိမ် ၄၀ ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၅၅၉၃ မှုမှ တရားခံ ၇၈၂၈ ဦး၊ တန်ဖိုးငွေကျပ် ၁၁၆၃ ဘီလီယံ ကျော်ဖိုး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
ထို့အပြင် ဘိန်းစိုက်သည့်နေရာများနှင့် ထုတ်လုပ်သည့်နေရာများအား စုံစမ်းဖော်ထုတ်ပြီး ဘိန်းခင်းဖျက်ဆီးခြင်းတို့အား ဆောင်ရွက်ခဲ့ရာ ၂၀၂၄-၂၀၂၅ ခုနှစ် ဘိန်းစိုက်ရာသီတွင် တရားမဝင် စိုက်ပျိုးထားသည့် ဘိန်းခင်း ၄၇၃၄ ဒသမ ၅ ဧကကို ဖျက်ဆီးနိုင်ခဲ့သည်။
အလားတူ မူးယစ်ဆေးဝါးထုတ်လုပ်မှု လျော့ကျစေရေးအတွက် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း ၄၃ မျိုးအား တင်းကျပ်စွာ ထိန်းချုပ်ကန့်သတ်ထားပြီး နိုင်ငံအတွင်း တရားမဝင်တင်သွင်းမှုနှင့် မူးယစ်ဆေးဝါးချက် လုပ်ရာနေရာများသို့ လမ်းလွဲမရောက်ရှိစေရေးအတွက် ထိန်းချုပ်ဓာတုပစ္စည်းများကြီးကြပ်ရေးအဖွဲ့မှ ထိန်းချုပ်ဆောင်ရွက်လျက်ရှိသည်။ ထိန်းချုပ်ဓာတုပစ္စည်းများ ပြည်ပမှ တင်သွင်းခြင်းလုပ်ငန်းကို ပို့ကုန်ကြိုတင်သတင်းပေးစနစ် (Pre Export Notification- PEN)နှင့် ထိန်းချုပ်ထားခြင်းမရှိသည့် ဓာတုပစ္စည်းများအား Pre Export Notification- PEN Online Light ဆက်သွယ်စစ်ဆေးကာ လမ်းလွဲရောက်ရှိမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ အောင်မြင်မှုရရှိနေသော်လည်း ဖမ်းဆီးရမိသည့် အဓိကတရားခံများကို ထိရောက်သောပြစ်ဒဏ်ချမှတ်နိုင်ရေးနှင့် ပြစ်ဒဏ်မှလွတ်မြောက်ပြီးနောက် ပြစ်မှုများ ထပ်မံကျူးလွန်ခြင်းမရှိစေရေးအတွက် ပြစ်မှုကျူးလွန်သူတရားခံများ၏ ပြစ်မှုကျူးလွန်ရာမှ ရရှိသည့်ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံစစ်ဆေးကာ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့များ၌ ဖျက်ဆီးလျက်ရှိရာ ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ငွေကျပ် ၁၁၆၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၄၉ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်း များနှင့် ဆက်စပ်ပစ္စည်းများကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် ဖျက်ဆီးနိုင်ခဲ့သည်။
