◾️SAC ဥက္ကဋ္ဌအား နိုင်ငံ့ခေါင်းဆောင်များ ကြိုဆိုသည့်အစဉ်အလာနှင့်အညီ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က ဂုဏ်ပြုကြိုဆို

၂၆. ၆. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)သို့ တက်ရောက်ရန် ဇွန် ၂၅ ရက် ညပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
SAC ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် အထူးလေယာဉ်နှင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသွားခဲ့ပြီး ညနေပိုင်းတွင် ရုရှားနိုင်ငံ၊ နိုဗာစီဗစ်မြို့၊ သာမာရှယ်ဗာလေဆိပ်သို့ ရောက်ရှိရာ နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့သည်။

ထို့နောက် SAC ဥက္ကဋ္ဌနှင့် နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးတို့သည် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗာစီဗစ်ဒေသတိုအကြား၊ အာဆီယံဒေသတွင်းနိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေး၊ လေကြောင်းပြေးဆွဲမှုများမြှင့်တင်နိုင်ရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးတိုနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် SAC ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နိုဗာစီဗစ်မြို့၊ သာမာရှယ်ဗာလေဆိပ်မှ ဘယ်လာရုစ်နိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဇွန်လ ၂၅ ရက် ညပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(၁) Mr. Lukashevich Sergey Vladimirovich နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ကျော်စိုးဦးနှင့် မင့်စ်မြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူတို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
လေဆိပ်တွင် SAC ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့် အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (EEF 2025) သို့ တက်ရောက်ရန်အတွက် SAC ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ခြင်းဖြစ်သည်။
SAC ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားခဲ့ကြသည်။

အဆိုပါ ခရီးစဉ်အတွင်း SAC ဥက္ကဋ္ဌသည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)သို့ တက်ရောက်ခြင်း၊ ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် Eurasian Economic Union EAEU အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
