ပုံစာ။ မွမ်ဘိုင်းမြို့ရှိ Chhatrapati Shivaji Maharaj နိုင်ငံတကာလေဆိပ်မြင်ကွင်း (Ref & Photo TFP)
၂၅. ၆.၂၀၂၅
Translated by Thettant
အိန္ဒိယနိုင်ငံတွင် အမည်ဝှက်ဖြင့် တရားမဝင်နေထိုင်ခဲ့သော မြန်မာနိုင်ငံသားတစ်ဦးသည် ဟင်ဒီစကား မပြောနိုင်သည့် အသေးစိတ်အချက်တစ်ချက်ကြောင့် ဖမ်းဆီးခံရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ အိန္ဒိယနိုင်ငံကူးလက်မှတ်ပင် ရရှိထားပြီး ပြည်ပသို့ ခရီးသွားလာခဲ့သော ထိုမြန်မာအမျိုးသားကို ဇွန်လ ၂၂ ရက်နေ့က မလေးရှားနိုင်ငံသို့ ပျံသန်းမည့် လေယာဉ်တစ်စီးပေါ်သို့ တက်ရောက်ရန် ကြိုးပမ်းစဉ် မွမ်ဘိုင်းမြို့ရှိ Chhatrapati Shivaji Maharaj နိုင်ငံတကာလေဆိပ်၌ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးမှုများအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသားဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများတွင် Boiltung Simon ဟု ဖော်ပြထားသည့် သံသယရှိသူသည် မြို့တော်ဒေလီတွင် အဆိုပါအမည်ဖြင့် နေထိုင်ခဲ့သည်။ သို့သော် ပုံမှန်လူဝင်မှုကြီးကြပ်ရေးစစ်ဆေးမှုပြုလုပ်သည့် လ၀ကအရာရှိ Dilip Thakur က စစ်ဆေးနေစဉ်အတွင်း မူမမှန်မှုများ ပေါ်ပေါက်လာခဲ့သည်။ ၎င်း၏နိုင်ငံကူးလက်မှတ်တွင် မီဇိုရမ်ပြည်နယ်ရှိ Aizawl ကို မွေးရပ်မြေအဖြစ် ဖော်ပြထားသော်လည်း Simon သည် ပြည်နယ်နှင့်ပတ်သက်သည့် အခြေခံအချက်အလက်များကို ဖြေဆိုနိုင်ခြင်းမရှိပေ။ ပို၍ ထင်ရှားသည်မှာ နယူးဒေလီတွင် ကြာရှည်နေထိုင်ခဲ့သူဟု ဆိုသော်လည်း ဟင်ဒီစကားကို မပြောနိုင်၊ နားမလည်ခဲ့ပေ။
ထိုအချက်က အရာရှိ Thakur ၏ သံသယကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းက Wing In-charge Suraj Jadhav နှင့် Duty Officer Kamal Bhatt တို့ထံ ပိုမိုနက်ရှိုင်းစွာ စစ်ဆေးမေးမြန်းရန် အကြောင်းကြားခဲ့သည်။ တာဝန်ရှိသူတို့က ထပ်မံစစ်ဆေးမေးမြန်းနေစဉ်အတွင်း အဆိုပါ မြန်မာအမျိုးသားက အင်္ဂလိပ်ဘာသာဖြင့်သာ ဆက်သွယ်ပြောဆိုနေခဲ့ရာ သံသယပိုမိုဖြစ်ပေါ်စေခဲ့သည်။ မြန်မာအမျိုးသားသည် တကယ့် အစစ်အမှန်ကဲ့သို့ ထင်ရသော စာရွက်စာတမ်းများ ပိုင်ဆိုင်ထားသော်လည်း အရာရှိများက ၎င်း၏ဟင်ဒီစကား မပြောနိုင်မှုအပေါ် ဖိအားပေးမေးမြန်းခဲ့ကြရာ နောက်ဆုံးတွင် ထိုအမျိုးသားက ၎င်း၏အမည်ရင်းမှာ ထန်စိုလျန် (Thang So Lian) ဖြစ်ပြီး အသက် (၃၄) နှစ်ရှိ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ကြောင်း ဝန်ခံခဲ့သည်။
ထန်စိုလျန်က ယင်းသည် ယခင် NLD အစိုးရဟောင်းလက်ထက် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများတွင် ပါဝင်ခဲ့ပြီးနောက် ဖမ်းဝရမ်းထုတ်ခံရသောကြောင့် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြောင်း ဝန်ခံခဲ့သည်။ အဖမ်းမခံရစေရန် မီဇိုရမ်မှတစ်ဆင့် အိန္ဒိယသို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် ဒေလီတွင် အခြေချခဲ့သည်။ ထိုနေရာတွင် Talib အမည်ရှိ နိုင်ငံကူးလက်မှတ်အေးဂျင့်တစ်ဦး၏ အကူအညီဖြင့် နိုင်ငံကူးလက်မှတ်အပါအဝင် အိန္ဒိယနိုင်ငံသားဆိုင်ရာအတုအယောင် စာရွက်စာတမ်းများကို ရရှိခဲ့သည်။
လက်ရှိတွင် ထန်စိုလျန်အား နိုင်ငံတွင်းသို့ တရားမဝင်ဝင်ရောက်မှု၊ အထောက်အထားစာရွက်စာတမ်း အတုပြုလုပ်မှုနှင့် လိမ်လည်မှုများအတွက် အိန္ဒိယရာဇသတ်ကြီးဥပဒေနှင့် နိုင်ငံကူးလက်မှတ်အက်ဥပဒေ (BNS ပုဒ်မ ၃၁၈၊ ၃၃၆(၂)၊ ၃၃၆(၄)၊ ၃၄၀(၂) နှင့် နိုင်ငံကူးလက်မှတ်အက်ဥပဒေ ပုဒ်မ ၁၂ တို့နှင့်အညီ Sahar ရဲစခန်းက အမှုဖွင့်ထားသည်။ ရဲတပ်ဖွဲ့ကအမှုကို အပြည့်အဝ စုံစမ်းစစ်ဆေးလျက်ရှိပြီး အိန္ဒိယနိုင်ငံသားဖြစ်မှု အတုအပပြုလုပ်ရာတွင် ၎င်းအား အကူအညီပေးခဲ့သော ကွန်ရက်ကို ဖော်ထုတ်ရန် ကြိုးပမ်းလျက်ရှိသည်။
