၂၅.၆.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်းဖြစ်တဲ့ Zou Jiayi ဟာ အာရှ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဥက္ကဋ္ဌအနေနဲ့ လာမယ့် ဇန်နဝါရီလမှာ စတင်တာဝန်ထမ်းဆောင်ဖို့ ဇွန်လ ၂၄ ရက်မှာ ရွေးကောက်ခံခဲ့ရတယ်လို့ သိရပါတယ်။ Zou Jiayi အနေနဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားဆက်စပ်မှုဖြစ်စဉ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘဏ္ဍာငွေကာလအတွက် အဆုံးအဖြတ်ပေးမယ့် ကာလအတွင်း အရင်းအနှီး အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ရှိတဲ့ AIIB ကို ဦးဆောင်သွားရမှာ ဖြစ်ပါတယ်။
အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ Zou ကို ပေကျင်းမြို့ အခြေစိုက် AIIB ရဲ့ ၁၀ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ဇွန်လ ၂၄ ရက်က ဘဏ်ရုံးချုပ်မှာကျင်းပစဉ် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၁၀ မှ ကိုယ်စားလှယ်တွေနဲ့ အခြားသက်ဆိုင်သူတွေက ရွေးချယ်ခဲ့တာဖြစ်ပြီး သူက ၂၀၂၆ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်မှစလို့ ဘဏ်ဥက္ကဋ္ဌအဖြစ် ငါးနှစ်သက်တမ်း တာဝန်ထမ်းဆောင်မှာပါ။
Zou ကို ဘဏ်ကို စတင်တည်ထောင် အဓိက ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းအဖြစ် သက်တမ်းနှစ်ခုကြာ တာဝန်ယူတည်ဆောက်ပေးခဲ့တဲ့ လက်ရှိ ဥက္ကဋ္ဌ Jin Liqun နေရာမှာ အစားထိုးမှာလည်းဖြစ်ပါတယ်။ Zou က “ဘဏ်အဖွဲ့ဝင်တွေက ကျွန်မအပေါ် ယုံကြည်အားထားပြီး ဒီနေရာမှာ တာဝန်ပေးကြလို့ နှိမ့်ချဂုဏ်ယူမိပါတယ်။ ဘဏ်ရဲ့မဟာဗျူဟာက ရှင်းရှင်းလင်းလင်းနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီး လာမယ့်နှစ်တွေမှာ အောင်မြင်မှုတွေ အများကြီးရနိုင်ပါသေးတယ်” လို့ ပြောခဲ့ပါတယ်။
Zou ကို AIIB ဘဏ် ရဲ့ ဥက္ကဋ္ဌအဖြစ် မတ်လကုန်ပိုင်းက တရုတ်နိုင်ငံက အဆိုပြုခဲ့တာပါ။ လက်ရှိမှာ Zou က တရုတ်နိုင်ငံရဲ့နိုင်ငံရေးဆိုင်ရာ အမြင့်မားဆုံးအကြံပေးအဖွဲ့ဖြစ်တဲ့ ပြည်သူ့ နိုင်ငံရေးအကြံပေးညီလာခံမှာ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်နေတာပါ။ Zou က တရုတ်ကွန်မြူနစ်ပါတီရဲ့ အားကောင်းတဲ့ဗဟိုကော်မတီဝင်အမျိုးသမီးတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။
ပေကျင်းမြို့ရှိ Renmin တက္ကသိုလ်မှ ဘဏ္ဍာရေးပါမောက္ခ Zhao Xijun က “Zou ဟာ ဘဏ္ဍာရေးကဏ္ဍမှာ တရုတ်နိုင်ငံရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနဲ့ ဆွေးနွေးမှုတွေမြှင့်တင်ရေးအတွက် အတွေ့အကြုံ များစွာရှိခဲ့တော့ အခုနေရာသစ်အတွက်လည်း အဖိုးတန်တယ်ဆိုတာ သက်သေပြနိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။
Zou က တရုတ်နိုင်ငံရဲ့ ငွေကြေးဆိုင်ရာနဲ့ စည်းမျဉ်းစည်းကမ်းစနစ်မှာလည်း ဆယ်စုနှစ်သုံးစုကျော် အတွေ့အကြုံရှိခဲ့ပြီး နိုင်ငံတကာရေးရာများကို အဓိကအာရုံစိုက်ကာ နိုင်ငံစုံမှ ငွေချေးသူများနဲ့ ဆက်စပ်ဆောင်ရွက်ခဲ့ရသူလည်းဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့်လည်း Zou ကို AIIB ဘဏ်ဥက္ကဋ္ဌအနေနဲ့ အမည်စာရင်းတင်သွင်းတဲ့ထုတ်ပြန်ချက်မှာပဲ တရုတ်အစိုးရဘဏ္ဍာရေးဝန်ကြီးဌာနက Zou မှာ “အများဆန္ဒသဘောတူညီမှုကို တည်ဆောက်တာ၊ ပြတ်သားစွာ ဆုံးဖြတ်နိုင်တာနဲ့ ထူးခြားတဲ့ဆက်သွယ်ရေးကျွမ်းကျင်မှုတွေရှိတာတို့အတွက် ထူးချွန်သောခေါင်းဆောင်မှု” ရှိပြီး အဓိကကျတဲ့ကမ္ဘာ့စီးပွားရေးဆိုင်ရာကိစ္စရပ်တွေအတွက် လေးနက်တဲ့ထိုးထွင်းသိမြင်မှုနဲ့ မဟာဗျူဟာဆိုင်ရာအမြော်အမြင်တွေလည်း ရှိတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
Zou က အရင်ကလည်း ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ New Development Bank တို့မှာ အလှည့်ကျအုပ်ချုပ်ရေးမှူးအဖြစ် တရုတ်နိုင်ငံကို ကိုယ်စားပြုဆောင်ရွက်ခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုးနှစ်ကျော်ကြာကာလအတွင်းမှာတော့ ရာထူးနေရာအတော်များများမှာ တာဝန်ယူခဲ့ရဖူးပြီး နောက်ဆုံးမှာ တရုတ်နိုင်ငံရဲ့ အမှုဆောင်ဒါရိုက်တာ ဖြစ်လာခဲ့တာပါ။
AIIB တည်ထောင်ရာမှာလည်း Zou က အဓိကအခန်းကဏ္ဍက ပါခဲ့ပြီး သူ့ရဲ့လုပ်ငန်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တန်ဖိုးရှိသော ထိုးထွင်းသိမြင်မှုတွေကို ပံ့ပိုးကူညီခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဖော်ပြထားပါသေးတယ်။
ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် နိုင်ငံတကာကအထောက်အပံ့တွေ လျော့နည်းလာချိန်မှာ ဘဏ်အနေနဲ့ ရည်မှန်းချက်ပြည့်စေဖို့ရန် ကြိုးပမ်းရာမှာ ခေါင်းဆောင်အသစ်ဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရလိမ်မယ်လို့ ပါမောက္ခ Zhao က ပြောခဲ့ပါတယ်။
တချို့နိုင်ငံတွေက ကမ္ဘာလုံးဆိုင်ရာအတွက် ထည့်သွင်းစဉ်းစားမှုမပြုဘဲ ကိုယ်ပိုင်အကျိုးစီးပွားတွေကို ဦးစားပေးလုပ်ဆောင်နေလို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖွံ့ဖြိုးတိုးတက်ဖို့ သူတို့လိုအပ်တဲ့ အရင်းအမြစ်တွေကို ရယူနိုင်ကြဖို့ ပိုမိုခက်ခဲလာတယ်လို Zhao က ထပ်မံပြောခဲ့ပါတယ်။
AIIB ဘဏ်ဟာ ကျယ်ပြန့်တဲ့အခြေခံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖိုနဲ့ အခြေခံအဆောက်အအုံနဲ့ တခြားကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့အတွက် တည်ထောင်သူအဖွဲ့ဝင် ၅၇ နိုင်ငံနဲ ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။
Ref- SCMP
