ဓာတ်ပုံ -အောင်ပန်းနာရေးကူညီမှုအသင်း
၂၅ .၆ .၂၀၂၅
Written by Hey Mar
ညားခါစ လင်မယားနှစ်ဦး စီးလာတဲ့ ဆိုင်ကယ်ကို ကားက နောက်ကနေ ဝင်တိုက်ရာက အမျိုးသမီးဖြစ်သူ ကားနဲ့ချိတ်ပါသွားပြီး အခင်းဖြစ်နေရာတင် သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဇွန်လ၂၄ ရက်နေ့ ညဦးပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်း-တောင်ကြီးသွား ကားလမ်းပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ အောင်ပန်းနာရေးကူညီမှုအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-တောင်ကြီးသွားလမ်း သရက်ပုရွာ၊ သရက်ပုကျေးလက် ကျန်းမာရေးရုံးရှေ့အနီးလမ်းမပေါ်မှာ ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်ခံရသူတွေက မြစ်သားမြို့နေ ကိုဇော်မျိုးအောင်၊ မမြသီတာတို့ ဇနီးမောင်နှံ နှစ်ဦးဖြစ်ကာ နောက်ကနေ ထိုင်ပြီးစီးနင်းလိုက်ပါလာသူ မမြသီတာမှာ ကားနဲ့ ပေသုံးဆယ်ခန့်အထိ ချိတ်ပါသွားကာ အခင်းဖြစ်ပွားရာနေရာမှာတင် သေဆုံးသွားခဲ့တာလည်း ဖြစ်ပါတယ်။
“ဖြစ်တာတော့ ဆိုင်ကယ်ကလည်း ရှေ့မီး၊ နောက်မီး မပါတာလည်း အန္တရာယ်ဖြစ်စေတဲ့အရာပဲ။ ဒီလမ်းတွေ ကုန်းတွေဆိုလည်း မတ်တယ်။ ကွေ့တွေရှိတယ်။ အတက်ကနေ တက်လာပြီဆို အဆင်းကို ရုတ်တရက် အောက်အထိ နေ့ဘက်တောင် ရှေ့မှာ ဘာရှိမယ် ခန့်မှန်းရ ခက်တယ်။ နီးမှ မြင်ရတာမျိုး။ အခုက ညဘက်ကို မီးလည်းမပါတော့ အန္တရာယ်ပိုကြီးပါတယ်” လို့ မြေပြင်အနေအထားကို အောင်ပန်းနာရေးကူညီမှုအသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။
ဝင်တိုက်သွားတဲ့ ကားမောင်းသူက ယာဉ်တိုက်မှုဖြစ်ပြီး ကားကို ချန်ထားကာ ထွက်ပြေးသွားခဲ့ကြောင်းသိရပြီး အောင်ပန်းနာရေးကူညီမှုအသင်းကပဲ ဒဏ်ရာရရှိသူ အမျိုးသားကို အောင်ပန်းဆေးရုံအရေးပေါ်ဌာနဆီ ပို့ဆောင်ခဲ့ကာ သေဆုံးသူအမျိုးသမီးရဲ့ရုပ်ခန္ဓာကိုလည်း အောင်ပန်းဆေးရုံရင်ခွဲရုံဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။



