၂၅. ၆. ၂၀၂၅
Written by Nay Moe
ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်ရှိနေသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်သုံးဦးကို ပဲခူး PDF များက လာရောက်ဖမ်းဆီးသတ်ဖြတ်သဖြင့် နှစ်ဦးသေဆုံးမှု ဒိုက်ဦးတွင်ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၂ ရက် ည ၁၂ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အေးသုခကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ အဆိုပါကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးရွှေနုအောင်(၇၅)နှစ်၊ ဦးဝင်းကြိုင် (၄၅)နှစ်နှင့် ဦးရဲနီ (၅၅)နှစ်တို့ သုံးဦးက လုံခြုံရေးဆောင်ရွက်နေစဉ် PDF ၂၀ ဦးခန့်(စိစစ်ဆဲ)က လက်နက်များ ကိုယ်စီကိုင်ဆောင်၍ ဒိုက်ဦးမြို့နယ်၊ ဘောနီကျေးရွာဘက်မှ ရောက်ရှိလာပြီး ရုံးအတွင်းဝင်ရောက်ကာ ဦးရွှေနုအောင်အား ဓားဖြင့် ထိုးခုတ်သတ်ဖြတ်၍ ဦးရဲနီအား ရုံးရှေ့ရှိ ရေမြောင်းအတွင်းသို့ ကန်ချခဲ့ပြီး ဦးဝင်းကြိုင်အား ဖမ်းဆီးခေါ်ဆောင်ကာ ဘောနီကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်ခဲ့ရာ ဒိုက်ဦးမြို့နယ်၊ မအူတန်းကျေးရွာအနီး ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၅၇ မိုင် ၁ ဖာလုံအရောက်၌ ဦးဝင်းကြိုင်အား ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး အဆိုပါဖြစ်စဉ်တွင် ပြည်သူ့စစ်အဖွဲ့ဝင် ဦးရွှေနုအောင်နှင့် ဦးဝင်းကြိုင်တို့တွင် ဓားဒဏ်ရာ များရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူအများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

