၂၅. ၆. ၂၀၂၅
Written by Hey Mar
YBS က အရှိန်လွန်ဝင်တိုက်တာကြောင့် ဘေးတွဲဆိုင်ကယ် ကယ်ရီ အပါအဝင် ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်စဉ် ဒီနေ့ ဇွန်လ ၂၅ ရက်နေ့ မနက် ၈ နာရီဝန်းကျင်က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာ ဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်အတွင်း ဘေးတွဲဆိုင်ကယ် ကယ်ရီမောင်းနှင်သူ သေဆုံးခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ကနောင်မင်းသားကြီးလမ်း၊ အ. ထ. က ၃ ကျောင်းအနီးမှာ ဖြစ်ပွားခဲ့ပြီး YBS /၃၄ ယာဉ်က အရှိန်လွန် ကျော်တက်မောင်းနှင်စဉ် တစ်ဖက် ဆန့်ကျင်ဘက် ယာဉ်ကြောပေါ်က တက္ကစီနဲ့ ကုန်တင်ကားတစ်စီးကို တိုက်မိပြီး သူ့လမ်းကြောအတွင်း ပြန်ဝင်ကာ ရှေ့က မောင်းနှင်နေတဲ့ ဘေးတွဲဆိုင်ကယ်ကိုပါ တိုက်မှုဖြစ်ပွားခဲ့တာလို့ မျက်မြင်တချို့ရဲ့ ပြောကြားချက်ကို လူမှုကူညီရေးအသင်းတာဝန်ရှိသူက MT News ကို ပြောပါတယ်။
အဆိုပါ လူမှုကူညီရေးအသင်းက “သေဆုံးသူက ဘေးတွဲမောင်းတဲ့သူပါ။ ၁၆၈ ရပ်ကွက်ထဲကပါပဲ။ YBS က တက္ကစီကိုတိုက်တော့ တက္ကစီက ကျောင်းသားလေးတွေ ရပ်ပြီး ချပေးနေတာ၊ ကျောင်းဖယ်ရီ သဘောမျိုးပဲ။ အရမ်းမထိခိုက်သွားကြပါဘူး။ ကလေးတွေဆိုတော့ လန့်သွားကြလို့ မိဘတွေက အိမ်ပြန်ခေါ်သွားကြတယ်” လို့ MT News က ဆက်သွယ်မေမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
YBS ယာဉ်မောင်းမှာ တိမ်းရှောင်သွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသူရဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းယာဉ်နဲ့ သင်္ကန်းကျွန်းစံပြဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။






