၂၅. ၆. ၂၀၂၅
Translated by Thettant
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် ယနေ့တွင် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာထွက်ပြေးသူ ဘင်္ဂါလီများ (DPFM) နှင့် ဘင်္ဂလားဒေ့ရှ်တွင် ဘင်္ဂါလီများကို လက်ခံကျွေးမွေးသည့် ရပ်ရွာများအတွက် အခြေခံအဆောက်အအုံနှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ပေးအပ်ရန်အတွက် အာရှဖွံ့ဖြိုးရေးရန်ပုံငွေ (ADF) မှ အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၆ သန်း ထောက်ပံ့ကြေးနှင့် ချေးငွေ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၁ သန်းကို ခွင့်ပြုလိုက်သည်ဟု ADB က ထုတ်ပြန်သည်။
ADF ရန်ပုံငွေသည် ADB ၏ အဆင်းရဲဆုံးနှင့် အထိခိုက်အခံရဆုံး ဖွံ့ဖြိုးဆဲအဖွဲ့ဝင်နိုင်ငံများကို ထောက်ပံ့ကြေးများ ပေးအပ်သည့် ရန်ပုံငွေဖြစ်ပြီး ထိုထောက်ပံ့ငွေနှင့် ချေးငွေတို့ကို မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာရသူများနှင့် လက်ခံကျွေးမွေးသည့် ရပ်ရွာများအတွက် ဘက်စုံဝန်ဆောင်မှုနှင့် အသက်မွေးဝမ်းကျောင်းမှု မြှင့်တင်ရေးစီမံကိန်းများဖြစ်သည့် ရေ၊ မိလ္လာနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု၊ လမ်းများနှင့် တံတားများ၊ ဘေးကင်းလုံခြုံမှု၊ ရေနုတ်မြောင်းစနစ်များ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိမှုကို မြှင့်တင်ချဲ့ထွင်ပေးမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်မှုများကို ကော့ဘဇာရ်းနှင့် ဘူဆန်ချားဒေသရှိ DPFM နှင့် လက်ခံကျွေးမွေးသည့် ရပ်ရွာနှစ်ခုစလုံး၏ သီးခြားလိုအပ်ချက်များကို ဖြေရှင်းရန်အတွက် ကွဲပြားသောချဉ်းကပ်မှုကို အသုံးပြုမည်ဖြစ်သည်။ စီမံကိန်းသည် အစိုးရ၏ စီမံခန့်ခွဲမှုနှင့် အကောင်အထည်ဖော်မှု စွမ်းရည်ကို မြှင့်တင်နေစဉ်တွင် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ဆက်သွယ်ပေးခြင်းနှင့် ရယူသုံးစွဲနိုင်မှုကိုလည်း မြှင့်တင်ပေးမည်ဖြစ်သည်။
“မြန်မာနိုင်ငံက နေရပ်စွန့်ခွာရသူတွေအတွက် ကာကွယ်စောင့်ရှောက်မှုနဲ့ ခံနိုင်ရည်ရှိမှုကို မြှင့်တင်ရာမှာ ဘင်္ဂလားဒေ့ရှ်ကို ကူညီပံ့ပိုးပေးမှုအပြင် စခန်းတွေမှာ နေထိုင်သူတွေနဲ့ လက်ခံကျွေးမွေးပေးတဲ့ ရပ်ရွာလူထုအကြား လူမှုစည်းလုံးညီညွတ်မှုကို မြှင့်တင်ပေးနိုင်တဲ့အတွက်လည်း ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ်” ဟု ADB ၏ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာဒါရိုက်တာ Hoe Yun Jeong က ပြောကြားခဲ့သည်။ ထို့အပြင် “ဒီအကူအညီအသစ်ဟာ ၂၀၁၈ ခုနှစ်ကတည်းက နေရပ်စွန့်ခွာရသူတွေနဲ့ လက်ခံကျွေးမွေးတဲ့ ရပ်ရွာတွေကို ကူညီပံ့ပိုးပေးနေတဲ့ အရေးပေါ်အကူအညီစီမံကိန်းနဲ့ သူ့ရဲ့ ရန်ပုံငွေအောက်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ အရင်အကူအညီတွေဖြစ်တဲ့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၄ သန်း ထောက်ပံ့ကြေးနဲ့ ချေးငွေတွေကို အခြေခံပြီး ဆက်လက် လုပ်ဆောင်ထားတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
DPFM စခန်းများတွင် လုပ်ဆောင်မည့် စီမံကိန်းသည် ကော့ဘဇားရ်၌ နေရောင်ခြည်စွမ်းအင်သုံး လမ်းမီးများ တပ်ဆင်ခြင်း သို့မဟုတ် အစားထိုးခြင်းနှင့် ဘူဆန်ချားတွင် လက်ရှိမစင်ညစ်ညမ်းမှု စီမံခန့်ခွဲမှုစနစ်ကို ပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ပြီး ချက်ပြုတ်ရန်အတွက် ဇီဝဓာတ်ငွေ့ထုတ်လုပ်မှုကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်မည်ဖြစ်သည်။ ထိုဒေသနှစ်ခုစလုံးတွင် သဘာဝအခြေပြုဖြေရှင်းနည်းများကို အသုံးပြု၍ ရေနုတ်မြောင်းများကို ပြန်လည်ပြုပြင်ခြင်းနှင့် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများအတွက် ရယူသုံးစွဲနိုင်မှုကို မြှင့်တင်ရာတွင် အလေးထား၍ အစားအသောက်ဖြန့်ဖြူးရေးစင်တာများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။
လက်ခံကျွေးမွေးသည့် ရပ်ရွာများတွင် စီမံကိန်းသည် ဟာတီးယားကျွန်းတွင် ကျောင်းများအဖြစ်လည်း အသုံးပြုနိုင်သည့် ဆိုင်ကလုန်းအမိုးအကာများ တည်ဆောက်ခြင်းနှင့် ကော့ဘဇားရ်ရှိ ဒေသခွဲ ကိုးခုတစ်လျှောက် ရေပိုက်ဖြင့် ရေပေးဝေသည့် စနစ်ငယ်များ အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။ စီမံကိန်းသည် Ukhia နှင့် Palongkhali Union တွင် မျက်နှာပြင်ရေသန့်စင်စက်ရုံနှင့် ရေရှားပါးသော တက္ကနက်ဖ်ဒေသသို့ သန့်စင်ပြီးရေ ပို့လွှတ်ရန် ပို့လွှတ်ရေးပိုက်လိုင်းကို တည်ဆောက်မည်ဖြစ်သည်။ ထို့အပြင် စီမံကိန်းသည် သွားလာရလွယ်ကူမှုနှင့် ဆက်သွယ်မှုကို မြှင့်တင်ရန် ကော့ဘဇာရ်းနှင့် ဘူဆန်ချားဒေသရှိ လမ်းများကို တိုးတက်အောင် ဆောင်ရွက်မည်ဖြစ်သည်။
မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာရသူ ၁ သန်းကျော်ရှိသည်ဟုလည်း ADB က ပြောပြီး ၎င်းတို့၏ ၇၅ ရာခိုင်နှုန်းခန်မှာ အမျိုးသမီးများနှင့် ကလေးသူငယ်များဖြစ်သည်ဟု ဆိုသည်။ လက်ရှိတွင် ကော့ဘဇားရ်ရှိ ဒုက္ခသည်စခန်း ၃၃ ခုတွင် နေထိုင်လျက်ရှိပြီး လူ ၃၆,၀၀၀ ကျော်သည် နိုခလီခရိုင်ရှိ ဘူဆန်ချားဒေသသို့ ဆန္ဒအလျောက် ပြောင်းရွှေ့ခဲ့ပြီးဖြစ်သည်ဟု ADB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
Ref , ADB
