◾️ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုသာ ကျင့်သုံးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲအား လက်ရှိကျင့်သုံးနေသည့် FPTP အပြင် PR စနစ်ကိုလည်း ပေါင်းစပ်ကျင့်သုံးသွားမည်ဟု SAC ဥက္ကဋ္ဌ ပြောကြား
၂၅. ၆. ၂၀၂၅
Written by Nyein Kyaw
တိုင်းရင်းသားလက်နက်ကိုင် (EAO) များ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးနှင့် ရွေးကောက်ပွဲ လမ်းကြောင်းမှတစ်ဆင့် ဖြေရှင်းဆောင်ရွက်ရန် ထပ်မံအသိပေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် ယနေ့ ပြုလုပ်သည့် ငြိမ်းချမ်းရေးဖိုရမ်-Peace Forum 2025 တွင် အမှာစကားပြောရာတွင် ထည့်သွင်းပြောကြားသည်။
“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေ၊ အကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်း ကြောင်းတွေကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက်လည်း အကြိမ်ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းထားခဲ့ပါတယ်။ နိုင်ငံရေးနည်းလမ်းကို စားပွဲဝိုင်းပေါ်မှာသာ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ ဖြေရှင်း၊ အဖြေရှာနိုင်မှာဖြစ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အမြဲတမ်းကြိုဆိုလမ်းဖွင့်ထားပါကြောင်း ဒီဖိုရမ်ကနေ ထပ်ဆင့်အသိပေးပြောကြားလိုပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာ့နိုင်ငံသမိုင်းကြောင်းအခြေအနေအရ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို ရယူပြီး ဆိုရှယ်လစ်လမ်းစဉ်ပါတီစနစ် (တစ်နည်းအားဖြင့် ဗဟိုဦးစီးအစိုးရစနစ်) ကို ပြောင်းလဲလျှောက်လှမ်းပြီး ၁၉၈၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ကြောင်း၊ ပါတီစုံဒီမိုရေစီစနစ် ကူးပြောင်းရန် ပြည်သူများ၏ တောင်းဆိုချက်အရ ၁၉၈၈ ခုနှစ်တွင် တပ်မတော်က ဒီမိုကရေစီကူးပြောင်းရေးကို အုပ်ချုပ်ရေး၊ စီးပွားရေးစနစ်တို့ကို ဖြေးဖြေးချင်း အသားကျအောင် ပြောင်းလဲပေးခဲ့ကာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ၂၀၁၁ ခုနှစ်တွင် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြင့် အောင်မြင်စွာကူးပြောင်းပေးနိုင်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
“ဒါကိုကြည့်ရင် တပ်မတော်အနေနဲ့ ဒီမိုကရေစီစနစ်ကို ယခင်ကတည်းက အလေးထား ဖော်ဆောင်ပေးခဲ့တယ်ဆိုတာကိုလည်း ပြန်လည်အမှတ်ရစေလိုပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပါတီစုံဒီမိုကရေစီ ဒုတိယအစိုးရ (NLD) အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးညီလာခံအား ၂၁ ရာစု ပင်လုံညီလာခံအဖြစ် ပြောင်းလဲနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ပြောင်းလဲဆောင်ရွက်ရာတွင် သမိုင်းကြောင်းများအရ အခက်အခဲများရှိလာနိုင်သည့်အတွက် အသိပေးမှုများ ဆောင်ရွက်ခဲ့သည့်အပြင် တပ်မတော်အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
“အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးကို မြှင့်တင်နိုင်မှု ကျွန်တော်တို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီအချိန်က လွှတ်တော်နဲ့ အစိုးရအနေနဲ့ ဥပဒေနဲ့မညီညွတ်တဲ့ ပြောဆိုမှုတွေ၊ ကမ်းလှမ်းချက်တွေကို အတည်ပြုပြီး ဥပဒေနဲ့မညီညွှတ်တဲ့ ကိစ္စရပ်များစွာ လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီ ဒုတိယအစိုးရလက်မှာ ဒီမိုကရေစီလမ်းကြောင်းနဲ့ လွှဲချော်ပြီး လက်ရှိအခြေအနေကို ရောက်ရှိလာခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ဖက်ဒရယ်စနစ်ဆိုသည်မှာ လုပ်ပိုင်ခွင့်၊ အာဏာနှင့် ရပိုင်ခွင့်များကို မျှဝေခံစားစေခြင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ဖက်ဒရယ်စနစ်ဆိုသည်မှာ မတူကွဲပြားသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများနှင့် လူမျိုးစုများ စုစည်းလုပ်ကိုင်ရာမှာ လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် သဘောဖြစ်ပြီး ပေါင်းစည်းလုပ်ကိုင်ရာမှ လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံး၊ ပေါင်းစည်းနေထိုင်ခြင်းနှင့် မျှဝေခံစားခြင်းတို့ ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
“ဒါကြောင့် မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေရှိပြီး ပါတီတွေ၊ တိုင်းရင်းသား၊ လူမျိုးစုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ဖို့အတွက် ယခုနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်ရှိကျင့်သုံးနေတဲ့ မဲအများဆုံးရသူ အနိုင်ယူစနစ် FPTP အပြင် အချိုးကျကိုယ်စားပြုစနစ် PR စနစ်ကိုလည်း ပေါင်းစပ်ကျင့်သုံးသွားမယ်လို့ ကျွန်တော်ပြောကြားခဲ့ပြီးလည်းဖြစ်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ်ကို နိုင်ငံအများက ကျင့်သုံးရာ၌ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပုံစံများတူညီမှုမရှိကြောင်း၊ အနောက်ဥရောပနိုင်ငံများပင်လျှင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပုံစံမတူညီကြောင်း၊ အာရှနိုင်ငံများတွင်လည်း တူညီမှုမရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်အား မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုသာ ကျင့်သုံးသွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာမှာ အခြားနိုင်ငံတွေကို ပုံတူကူးချသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်း၊ လူနေမှုစနစ်၊ ယဉ်ကျေးမှုစရိုက်လက္ခဏာ၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ကျွန်တော်တို့ မြန်မာတွေပဲ ဦးဆောင်ပြီးတော့ ဖော်ဆောင်သွားကြမှာဖြစ်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်ပြီး အခြားနိုင်ငံများနှင့် သဟဇာတဖြစ်နေရန် လိုအပ်သော်လည်း ဩဇာခံမဖြစ်ရန် အထူးသတိပြုရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကိုလည်း လိုက်နာတန်ဖိုးထားရန်လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
“နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်ပြီး နိုင်ငံများနဲ့ သဟဇာတဖြစ်နေဖို့ လိုအပ်တာ မှန်ပေမဲ့လည်း ဩဇာခံဖြစ်မသွားဖို့လည်း အထူးသတိပြုကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ သမိုင်းကြောင်းနောက်ခံများအရ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်တဲ့မူဝါကို ကျင့်သုံးပြီးတော့မှ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်နဲ့အညီ စောင့်ထိန်းလိုက်နာလျက်ရှိနေပါတယ်။ ခွဲခြားလို့မရတဲ့ အိမ်နီးချင်းနိုင်ငံများနဲ့လည်း သဟဇာတဖြစ်တဲ့ ဆက်ဆံမှုရှိဖို့ လိုအပ်သလို မိမိတို့နိုင်ငံရဲ့ တည်ဆဲဥပဒေတွေကိုလည်း လိုက်နာတန်ဖိုးထားဖို့လိုအပ်ကြောင်းလည်း ပြောကြားလိုပါတယ်” SAC ဥက္ကဋ္ဌက ပြောကြားသည်။






