၂၅.၆.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ စင်ကာပူနိုင်ငံဝန်ကြီးချုပ် လောရင့်စ်ဝေါင်ကို ပေကျင်းမြို့မှာ ဇွန်လ ၂၄ ရက်က လက်ခံတွေ့ဆုံခဲ့ပါတယ်။ ရှီက ဝေါင်ကို ဝန်ကြီးချုပ်ဒုတိယသက်တမ်းတာဝန်ထမ်းဆောင်နိုင်ခဲ့မှုအတွက်လည်း ချီးကျူးစကားပြောကြားခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ သမ္မတရှီက ၂၀၂၅ ခုနှစ်ဟာ တရုတ်- စင်ကာပူ နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ၃၅ နှစ်မြောက် နှစ်ပတ်လည်တဲ့နှစ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒီနောက် ရှီက နှစ်နိုင်ငံကြား အပြန်အလှန်နားလည်မှုနဲ့ အပြန်အလှန်လေးစားမှုကို နှစ်ဖက်စလုံးက အစဉ်တစိုက် လက်ကိုင်ထားခဲ့တာက နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်အေးချမ်းမှုရှိရေးနဲ့ ကောင်းမွန်တဲ့ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးတို့အတွက် ခိုင်မာတဲ့အခြေခံအုတ်မြစ်ကို ပံ့ပိုးပေးနိုင်ခဲ့တာပဲလို့ အလေးပေးပြောခဲ့ပါတယ်။
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဦးစားပေးအဆင့်တွေနဲ့ လိုက်လျောညီထွေဖြစ်ပြီး Suzhou Industrial Park တို့လို ကြီးမားတဲ့ ရလဒ်တွေ ထွက်ပေါ်လာစေကာ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ခေတ်မီတိုးတက်ရေး ကြိုးပမ်းမှုတွေကို သိသိသာသာ အထောက်အကူပြုစေရုံမက ဒေသတွင်း နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် စံညွှန်းတစ်ခုလည်း ချမှတ်နိုင်ခဲ့တယ်လို့ ရှီက ပြောခဲ့ပါသေးတယ်။
နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေကနေ အတွေ့အကြုံနဲ့ ဉာဏ်ပညာတွေကို ထုတ်ယူဖို့၊ ကောင်းမွန်တဲ့အစဉ်အလာတွေကို အမွေဆက်ခံပြီး တရုတ်-စင်ကာပူ ချစ်ကြည်ရေးသစ်ပင်ကို အသီးအပွင့်တွေ ဖြစ်ထွန်းစေတဲ့အထိ ပွားများနိုင်စေဖို့ နှစ်ဖက်စလုံးကို ရှီက တိုက်တွန်းခဲ့ပါတယ်။
ဒါ့ပြင် တရုတ်နဲ့ စင်ကာပူ နှစ်နိုင်ငံ ချစ်ကြည်ရေးရဲ့ ယေဘူယျ လမ်းညွှန်ချက်ကို အခိုင်အမာ ဆုပ်ကိုင်ထားသင့်ပြီး တရုတ်-စင်ကာပူ ဆက်ဆံရေးကို မဟာဗျူဟာမြောက်အထွတ်အထိပ်နေရာပိုင်းနဲ့ ရေရှည်ရှုထောင့်တို့ကနေ အမြဲမပြတ် စောင့်ကြည့် ထိန်းသိမ်းသင့်တယ်လို့ ရှီက အလေးပေး ပြောကြားသွားပါတယ်။
Ref- Xinhua
