◾ ဝန်ကြီးချုပ်အသစ်ဖြစ်လာမည့်သူပါ သိရှိထားသည်ဟု ဟွန်ဆန် ရေးသားသော်လည်း ထိုင်းဝန်ကြီးချုပ်နှုတ်ဆိတ်နေ

၂၅. ၆. ၂၀၂၅
Translated by Thettant
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနှင့် လက်ရှိ ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က လာမည့်သုံးလအတွင်း ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်အသစ် ပေါ်ပေါက်လာမည်ဟု အင်္ဂါနေ့က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
ထို့အပြင် ဟွန်ဆန်က ထိုင်းဝန်ကြီးချုပ်အသစ် မည်သူဖြစ်လာမည်ကို သိရှိပြီးဖြစ်ကြောင်း၊ သို့သော် လူအများ စဉ်းစားကြံဆနိုင်ရန် ယခုလောလောဆယ်တွင် အမည်ကို ထုတ်ဖော်မည်မဟုတ်ကြောင်းပါ ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အရေးတင်းမာမှုတွင် ကမ္ဘောဒီးယားဘက်မှာ စစ်သားတစ်ဦးသေဆုံးပြီးနောက် ကမ္ဘောဒီးယားဘက်တွင် မျိုးချစ်စိတ်ပြင်းပြသော လှုံ့ဆော်မှုများထွက်ပေါ်လာပြီးနောက် ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝပ်ထရာနှင့် ဟွန်ဆန်တို့ ဖုန်းပြောသည်ကို ဟွန်ဆန်က ဖွင့်ချရာမှ ပေတုံတန်၏ ပြောစကားများမှာ ထိုင်းစစ်တပ်ကို စော်ကားသည်ဟုဆိုကာ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုသဖြင့် ပေတုံတန်က တောင်းပန်မှုပြုခဲ့ရသည်။ သို့သော် လက်ရှိအချိန်အထိ ဆန္ဒပြမှု၊ စုံစမ်းစစ်ဆေးခံရမှုနှင့် ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် ဘွမ်ကျန်ထိုင်းပါတီမှ ပြည်ထဲရေးဝန်ကြီးအပါအဝင် ဝန်ကြီးခုနစ်ဦး နုတ်ထွက်ကာ ပေတုံတန်အစိုးရပြုတ်ကျမည့်အခြေအနေသို့ ဆိုက်ရောက်နေချိန် ဟွန်ဆန်၏ ထိုင်းဝန်ကြီးချုပ်အသစ် သုံးလအတွင်း အပြောင်းအလဲဖြစ်မည်ဆိုသည့် ပြောစကား ထပ်မံ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့ ဟွန်ဆန်၏ သုံးလအတွင်း ထိုင်းဝန်ကြီးချုပ်အသစ်ပေါ်မည် ပြောဆိုမှု၊ ဘွမ်ကျန်ထိုင်းပါတီ၏ အယုံအကြည်မရှိအဆိုတင်သွင်းရန်စီစဥ်မှုတို့နှင့် စပ်လျဥ်း၍ သတင်းထောက်များက ယနေ့တွင် ချွန်ဘူရီပြည်နယ်၊ ပတ္တရားမြို့၌ ကျင်းပသည့် အာဆီယံ ကမ်းခြေစောင့်တပ်ဖိုရမ် ၂၀၂၅ (ASEAN Coast Guard Forum 2025) နှင့် ပူးတွဲ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခန်းအတွင်း ပေတုံတန်အား မေးမြန်းရာ ပေတုံတန်က တုံ့ပြန်ဖြေဆိုမှုမရှိဘဲ ပြုံးပြပြီးသာ ထွက်ခွာသွားခဲ့သည်။
ပေတုံတန်က လက်ရှိ ထိုင်းဝန်ကြီးချုပ်နေရာမှ ပြုတ်ကျနိုင်သည်အထိ ဖိအားများအပေါ် နှုတ်ဆိတ်နေသော်လည်း အတိုက်အခံပြည်သူ့ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ပရစ် ဝချရာဆင်ဒူက ဟွန်ဆန်၏ မှတ်ချက်များသည် လူထုအမြင်ကို လွှမ်းမိုးရန်နှင့် ထိုင်းနိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ကြောင်း တုံ့ပြန်ခဲ့သည်။
ထို့အပြင် ပရစ်က ပေတုံတန် နှုတ်ဆိတ်နေသည့် ကိစ္စရပ်တစ်ခုဖြစ်သော ယခုနှစ်အစောပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် အသတ်ခံခဲ့ရသည့် ကမ္ဘောဒီးယား အတိုက်အခံ တက်ကြွလှုပ်ရှားသူဟောင်း လင်းကင်ယာလုပ်ကြံခံရမှုအား ထိုင်းအစိုးရက စုံစမ်းစစ်ဆေးနေမှုကို ဦးစားပေး ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

ထိုင်းနိုင်ငံအတွင်း ကမ္ဘောဒီးယားအတိုက်အခံအသတ်ခံရမှုကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုကသာ ထိုင်းနိုင်ငံ၏ နိုင်ငံတကာပုံရိပ်ကို မြှင့်တင်ပေးမည်ဖြစ်ပြီး ကမ္ဘောဒီးယားနှင့် တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် လူ့အခွင့်အရေးအပေါ် အလေးထားသည့် ကတိကဝတ်ပြုမှုကို သက်သေ ပြသမည်ဖြစ်သည်။ ယင်းအပေါ် ဆောင်ရွက်ခြင်းက ဝန်ကြီးချုပ်နှင့်ပတ်သက်သော သံသယများကို ဖယ်ရှားပေးမည်ဖြစ်ပြီး အရေးယူဆောင်ရွက်မှု မရှိပါက သံသယများကို ဖြစ်ပေါ်စေနိုင်သည်ဟုလည်း ပရစ်က ဆိုသည်။
အယ်လ်ဂျာဇီးယားမှ ထုတ်ပြန်ခဲ့သည့် အသံဖိုင်ပေါက်ကြားမှုတွင် ဟွန်ဆန်က ထိုင်း- ကမ္ဘောဒီးယားရေးရာများတွင် ပါဝင်ပတ်သက်သူ ခလျံဟို့ (Khliang Huot) အား လင်းကင်ယာကို ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်း သတ်ဖြတ်ရန် အမိန့်ပေးခဲ့သည်ဟု ဆိုထားသည်။ ခလျံဟို့သည် ဟွန်ဆန်နှင့် သက်ဆင်တို့မိသားစု နှစ်ဖက်စလုံးနှင့် ဆက်စပ်နေပြီး ပေတုံတန်နှင့် ဟွန်ဆန်တို့အကြား ပေါက်ကြားခဲ့သော အခြားစကားဝိုင်းတစ်ခုတွင် စကားပြန်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ခလျံဟို့သည် ၂၀၂၀ ပြည့်နှစ်က ဖနွမ်းပင်တွင် ထိုင်းဒီမိုကရေစီလိုလား တက်ကြွလှုပ်ရှားသူ ဝမ်ချယ်လမ် ဆတ်ဆပ်ဆစ် ပျောက်ဆုံးမှုနှင့်လည်း ဆက်စပ်နေသည်။
Ref – Khaosod, The Nation Thailand & Thai Enquirer
