
၂၅ .၆ .၂၀၂၅
Written by Thiri
ခွေးကိုက်ခံရပြီး ရှစ်လအကြာမှာ ခွေးရူးပြန်ရောဂါလက္ခဏာ ပေါ်လာပြီး ကလေးငယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဇွန်လ ၂၄ ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ဇီးပင်သာကျေးရွာမှာဖြစ်ပွားခဲ့ပြီးကလေးနဲ့ ဆက်စပ်သံသယလူနာ ၁၇ ဦးခန့်အထိ ခွေးရူးပြန်ရောဂါပိုးကာကွယ်ဆေး ထိုးနှံနေရတယ်လို့ သိရပါတယ်။
ခွေးရူးပြန်ရောဂါနဲ့ သေဆုံးခဲ့တဲ့ကလေးကအသက် ဆယ်နှစ်အရွယ် စတုတ္ထတန်းကျောင်းသားတစ်ဦးဖြစ်ပြီး ကလေးကကျောင်းတက်ရင်း ရောဂါလက္ခဏာပြတာလို့လည်း သိရပါတယ်။ ခွေးရူးမပြန်ခင် သူငယ်ချင်းတွေနဲ့ဆော့ပြီး ပါလာတဲ့ရေကို သူငယ်ချင်းတွေကိုတိုက်တာ၊ စာသင်ခန်းထဲ ခွေးရူးပြန်ဝေဒနာဖြစ်တော့လည်း ကလေးခြင်းဝိုင်းဝန်းကူညီပြုစုကြလို့ ကုက်ခြစ်မိတာတွေရှိတာမို့ အားလုံးနီးပါး ခွေးရူးပြန်ရောဂါ ပိုးကာကွယ်ဆေးထိုးရတယ်လို့ ကာကွယ်ဆေး အခမဲ့ထိုးနှံနိုင်ဖို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ တောင်ငူမြို့အခြေစိုက် Save The Trees Rescue Team ကနေ သိရပါတယ်။
Save The Trees Rescue Team မှ တာဝန်ရှိသူ ကိုကျော်သူရက “ကလေးက မိဘတွေနဲ့အတူ သူတို့ရွာကနေ စစ်ဘေးရှောင်လာပြီး ဇီးပင်သာမှာ ကျောင်းလာတက်နေတာ။ လွန်ခဲ့တဲ့ ရှစ်လက ခွေးကိုက်ခံရတော့ တေင်ငူမှာဆေးလာထိုးသေးတယ် ပြောတယ်။ ဆေးဖိုးလည်း မတတ်နိုင်၊ အခမဲ့ လှူမယ့် လူနဲ့လည်း မချိတ်ဆက်မိသွားတော့ ဆေးရုံမှာ ဆေးတစ်လုံးပဲ ထိုးလိုက်ရတယ်။ မေးခိုင် ရောဂါပိုးကာကွယ်ဆေးပဲ ထိုးသွားတယ်တဲ့” လို့ MT News က မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
လက်ရှိမှာတော့ ခွေးရူးပြန်ရောဂါနဲ့ သေဆုံးသူ ကလေးရဲ့ ဆက်စပ် သံသယလူနာ ကျောင်းသားငယ် သုံးဦးအပါအဝင် ကလေးမိသားစုဝင် ခုနစ်ဦးကို Save The Trees Rescue Teamမှ တာဝန်ယူ ကာကွယ်ဆေးထိုးနှံပေးနေပြီး ဆေးပတ်ပြည့်တဲ့အထိ ထိုးနှံပေးသွားဖို့ ကူညီသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
