
၂၅.၆.၂၀၂၅.
Translated by Htwe Ko Tun
အီရန်အာဏာပိုင်တွေက ၁၂ ရက်ကြာ အီရန် – အစ္စရေးစစ်ပွဲအတွင်းမှာ အစ္စရေးရဲ့ ကြေးစားစစ်သားတွေအနေနဲ့ ဆောင်ရွက်ပေးနေကြတယ်လို့ စွပ်စွဲပြီး လူ ၇၀၀ ခန့်ကို ဖမ်းဆီးခဲ့တယ်လို့ အီရန်နိုင်ငံ သတင်းဌာနတစ်ခုဖြစ်တဲ့ Fars News Agency က ဇွန်လ ၂၅ ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။
သတင်းမှာ အစ္စရေးကြေးစားစစ်သားအဖြစ်ဆောင်ရွက်နေသူတွေက သူလျှိုလုပ်ငန်းနဲ့ အဖျက်အမှောင့် လုပ်ငန်းကွန်ရက်တွေမှာ လုပ်ကိုင်နေကြတာဖြစ်ပြီး ပြည်သူတွေရဲ့သတင်းပေးချက်နဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေအရ ဖမ်းဆီးနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။
အစ္စရေးထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ မော့ဆက် က ဇွန်လ ၁၃ ရက်က စတင်ခဲ့တဲ့ Rising Lion စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အီရန်နိုင်ငံအတွင်းမှာ သူလျှိုလုပ်ငန်းဆောင်ရွက်နေသူတွေရှိတယ်ဆိုတာ ဝန်ခံခဲ့ပါတယ်။
မော့ဆက်က အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်ခံစစ်လိုင်းတွေရဲ့ နောက်ကွယ်မှာ လုပ်ကိုင်နေကြတဲ့ သူ့ရဲ့ လျှို့ဝှက်ထောက်လှမ်းရေးတွေ ပေးပို့တဲ့ ဗီဒီယိုတစ်စိတ်တစ်ပိုင်းကိုလည်း ပြခဲ့ပါတယ်။ သူတို့က အီရန်နိုင်ငံအတွင်းကနေ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ မောင်းသူမဲ့လေယာဉ်တွေ လွှတ်တင်ဖို့ အခြေခံစခန်းတစ်ခုကို ဆောင်ရွက်ကြတယ်လို့လည်း ဆိုပါတယ်။
ဒီလိုဆောင်ရွက်မှုတွေနောက်မှာတော့ အီရန်အစိုးရနဲ့ ထောက်လှမ်းရေးအဖွဲ့တွေအတွင်း ထိတ်လန့်မှုတွေလည်းဖြစ်ခဲ့ရပြီး လူ့အဖွဲ့အစည်းအတွင်း စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုပျက်ပြားနှောင့်ယှက်တယ်လို့ စွပ်စွဲပြီး အစ္စရေးထောက်ခံတဲ့ဆောင်းပါးတွေ အွန်လိုင်းမှာ မျှဝေခဲ့သူတွေကိုပါ ဖမ်းဆီးခဲ့တာပါ။
စစ်ပွဲကာလအတွင်းမှာပဲ အီရန်နိုင်ငံရဲ့သတင်းစာစောင်တွေနဲ့ လူပုဂ္ဂိုလ်တို့ရဲ့လူမှုကွန်ရက် စာမျက်နှာတွေကို စောင့်ကြည့်ဖို့ တီဟီရန်ရှေ့နေရုံးအတွင်း အဖွဲ့တစ်ဖွဲ့ တည်ထောင်ခဲ့သေးတယ်လို့လည်း သိရပါတယ်။
Fars သတင်းဌာနအဆိုအရတော့ အစ္စရေးရဲ့ ကြေးစားစစ်သားထောက်လှမ်းရေးအေးဂျင့်တွေကို အီရန်နိုင်ငံတစ်ဝန်း ကာမန်ရှား၊ ခူဇီစတန်၊ ဖားစ်၊ အစ္စဖာဟန်နဲ့ လိုစတန် ပြည်နယ်တွေက ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ မြို့တော်တီဟီရန်အတွင်း ဖမ်းမိခဲ့တဲ့ အစ္စရေးသူလျှိုတွေရဲ့ အရေအတွက်ကိုတော့ အာဏာပိုင်တွေက မထုတ်ပြန်ခဲ့ဘူးလို့ Fars က ဖော်ပြခဲ့ပါတယ်။
တခြားသောအီရန်နိုင်ငံရဲ့ သတင်းစာစောင်တွေမှာလည်း စစ်ပွဲစတဲ့အချိန်ကစလို့ အစ္စရေးရဲ့ သူလျှိုတွေအဖြစ် စွပ်စွဲခံထားရသူတွေကို ကွပ်မျက်မှုတွေရှိတယ်လို့ ဖော်ပြခဲ့ကြပါတယ်။ စီအန်အန်အနေနဲ့ အဆိုပါ အစ္စရေးကြေးစားစစ်သား၊ သူလျှိုတွေဖမ်းဆီးခံရတာ၊ ကွပ်မျက်ခံရတာတွေကို အတည်ပြုနိုင်ဖို့ အစ္စရေးအစိုးရကို ဆက်သွယ်ခဲ့သေးတယ်လို့ သိရပါတယ်။
Ref- CNN
