
၂၅.၆.၂၀၂၅
Written by Hey Mar
သည်းခြေကျောက်တည် ဝေဒနာခံစားနေရသူ အမျိုးသမီးကြီးက မိမိကိုယ်ကိုယ် ကြိုးဆွဲချ(ဆွဲကြိုးချ) အဆုံးစီရင်ခဲ့တဲ့ဖြစ်စဉ် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ ဒီနေ့ ဇွန်လ ၂၅ ရက်နေ့ မနက် ၉ နာရီကျော်အချိန်က ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဥသျှစ်ပင်နယ်မြေရဲစခန်းအပိုင်အတွင်းရှိ ရတနာပုံရပ်ကွက်၊ ယုဇန(၄)လမ်းရှိ နေအိမ်တစ်အိမ်မှာ ဖြစ်ပွားခဲ့ပြီး အိမ်သားဖြစ်သူ ဈေးဝယ်သွားနေချိန် အိမ်မှာ မရှိခိုက် အချိန်ပိုင်းအတွင်း အိမ်သူဇနီးက အခုလို ကြံစည်သွားတာလို့လည်း သိရပါတယ်။
သေဆုံးသူမှာ ဒေါ်တင်တင်သိန်း (၆၆)နှစ် ဖြစ်ပြီး ၎င်းနေထိုင်တဲ့ နေအိမ်ထုပ်တန်း ကြမ်းပြင်မှ အိမ်ထပ်ခိုး အမြင့် (၇)ပေခန့်ကနေ အရှည်(၉)ပေခန့်ရှိ ချည်ကြိုးနဲ့ ကြိုးဆွဲချ စီရင်ခဲ့ကာ ခန္ဓာကိုယ်မှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘူးလို့လည်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိချက်တွေအရ သိရပါတယ်။
သေဆုံးသူ ဒေါ်တင်တင်သိန်းဟာ သည်းခြေမှာ ကျောက်တည်တဲ့ ရောဂါဝေဒနာကို ခံစားနေရသူဖြစ်ပြီး အခုလို ကြိုးဆွဲချသေကြောင်းကြံတာမျိုး အရင်ကလည်း နှစ်ကြိမ်၊ သုံးကြိမ်ခန့် ကြံစည်ဖူးတယ်လို့ မိသားစုဝင်ဖြစ်သူ ခင်ပွန်းကို သက်ဆိုင်ရာက မေးမြန်းရာမှာ ထွက်ဆိုတယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ရဲဆေးစာနဲ့ ဥသျှစ်ပင်တိုက်နယ်ဆေးရုံဆီ ပို့အပ်ရာ တိုက်နယ်ဆရာဝန်က ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် လက်ခံစစ်ဆေးခဲ့ပြီး ဥသျှစ်ပင်နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဥ် (၅/၂၀၂၅) ရေးဖွင့်ကာ လက်ခံစစ်ဆေးဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကလည်း ကျောက်ကပ်ဝေဒနာ ပြင်းထန်စွာ ခံစားနေရတဲ့ အသက် ၂၆ နှစ်အရွယ် လူငယ်တစ်ဦးဟာ မိမိကိုယ်ကိုယ် သွေးကြောတွေ ဖြတ်တောက်လှီးဖြတ်ကာ သေကြောင်းကြံစည်မှု ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့ပါသေးတယ်။
