
၂၁ .၆ .၂၀၂၅
Written by Hey Mar
ပဲခူးမြို့၊ ခိုင်ရွှေဝါ တည်းခိုခန်းမှာ တည်းခိုနေတဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဇွန်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာကနေ သိရပါတယ်။
အဆိုပါ အမျိုးသမီးမှာ မခိုင်သဉ္ဇာထွန်း(ခ)စန်းစန်းအေး၊ ၄၃ နှစ်၊ သက္ကလမြို့နေသူလို့ သိရှိရပြီး ဇွန် ၁၉ ရက်နေ့ကတည်းက တည်းခိုခန်းမှာ တစ်ဦးတည်း လာရောက်တည်းခိုနေထိုင်နေတာ ဖြစ်တယ်လို့ တည်းခိုခန်းမန်နေဂျာက သက်ဆိုင်ရာထံ ဖြေကြားပါတယ်။
သေဆုံးသူ မခိုင်သဉ္ဇာထွန်း(ခ)စန်းစန်းအေး သေဆုံးမှုနဲ့ပတ်သက်လို့ ခိုင်ရွှေဝါတည်းခိုခန်း မန်နေဂျာကို တာဝန်ရှိသူတွေက မေးမြန်းရာ မခိုင်သဉ္ဇာထွန်း(ခ)စန်းစန်းအေးက ဇွန်လ ၁၉ ရက် ၁၄:၃၀ အချိန်ခန့်မှာ တည်းခိုခန်းကို တစ်ယောက်တည်း လာရောက်ပြီး အခန်းအမှတ်(- )မှာ တည်းခိုလျက်ရှိကြောင်း၊ ၎င်းဟာ ကျန်းမာရေးမကောင်းဟန်ရှိပြီး ခန္ဓာကိုယ်ပိန်လှီကာ အပြင်ကိုလည်း သွားလာခြင်းမရှိကြောင်း၊ ဇွန်လ ၂၁ ရက် ၁၁:၃၀ အချိန်က အခန်းအပ်ဖို့အတွက် အခန်းတံခါးသွားရောက်ခေါက်ကာ အကြောင်းကြားစဥ် အခန်းအတွင်းက ဘာအသံမှ ပြန်မကြားရတဲ့အတွက် အပိုသော့နဲ့ ဖွင့်လှစ် ဝင်ကြည့်ရာက ကုတင်ပေါ်မှာ မခိုင်သဉ္ဇာထွန်း(ခ)စန်းစန်းအေးမှာ ဘေးတစ်စောင်း အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရှိရလို့ ရဲစခန်းကိုအကြောင်းကြားခဲ့ကြောင်း ပြောပြခဲ့တယ်လို့ သိရပါတယ်။
မခိုင်သဉ္ဇာထွန်း(ခ)စန်းစန်းအေးမှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ တည်းခိုခန်းအတွင်း သေဆုံးနေတာကို ကနဦး စစ်ဆေးတွေ့ရှိရတာကြောင့် သက်ဆိုင်ရာ ရုပ်အလောင်းကို ပဲခူးဆေးရုံကြီး ရင်ခွဲရုံဆီ ရဲလုပ်ငန်းစဉ်အရ ဆက်လက်စစ်ဆေးဖို့ ပို့ဆောင်ထားရှိတယ်လို့လည်း သိရပါတယ်။