
၂၁. ၆.၂၀၂၅
Written by Nyein Kyaw
ပြည်တွင်း ထုတ်လုပ်သည့် ဆိုလာပြားများအား ပြည်ပမှ တင်သွင်းသည့် ဆိုလာပြားများနှင့် တန်းတူ အရည်အသွေးရရှိအောင် ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံအလုပ်ရုံများ၌ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု့စစ်ဆေးစဉ် ပြောကြားသည်။
ပြည်တွင်းမှထုတ်လုပ်ထားသည့် ဆိုလာပြားများအား ပြည်ပမှ တင်သွင်းသည့် ဆိုလာပြားများနှင့် တန်းတူအရည်အသွေးရရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ဆိုလာထုတ်လုပ်ခြင်း နည်းပညာများကိုလည်း မျက်ခြည်မပြတ် လေ့လာ၍ အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့နိုင်ငံအနေဖြင့် ရာသီဥတုသာယာကောင်းမွန်ပြီး နေသာသည့်ရက် များပြားသည့် နိုင်ငံတစ်ခုဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ် လုပ်ခြင်းလုပ်ငန်းများကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများ တိုးတက်စေရေး မိမိအနေဖြင့် ၂၀၂၂ ခုနှစ်တွင် စတင်ပြောကြားခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့နိုင်ငံအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများအား နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများမှတစ်ဆင့် အမြန်ဆုံးရရှိနိုင်မည်ဖြစ်ကြောင်း၊ ဆိုလာပြားထုတ်လုပ်ခြင်းအတွက် လိုအပ်သည့်ကုန်ကြမ်းများအား ပြည်တွင်း၌ ထုတ်လုပ်သွားနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ဥပမာအားဖြင့် ဆီလီကွန်ကဲ့သို့သော ကုန်ကြမ်းများလိုအပ်သဖြင့် ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး နည်းလမ်းရှာဖွေဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်တွင်း၌ ဆိုလာပြားများကို လုံလောက်စွာထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်တွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို များစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်နိုင်သောကြောင့် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။