




၂၀.၆.၂၀၂၅
Written By Thandar
ယနေ့ ဇွန်လ ၂၀ ရက်မှာ ကျရောက်တဲ့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့ မွေးနေ့နဲ့ “သူတော် တစ္ဆေ” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသခြင်းအတွက် ကောင်းမှုကုသိုလ်ပြုမှုအဖြစ် ရဟန်းသံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခြင်း အခမ်းအနား ရန်ကုန်မြို့ နဝဒေးရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။
“ဒီနေ့က ကျွန်တော်ရဲ့ မွေးနေ့လည်းဖြစ်သလို သူတော်တစ္ဆေရဲ့ ပထမဆုံးစပြတဲ့နေ့ First Day , First Show လည်းဖြစ်လို့ အလှူလုပ်ဖြစ်တာပါ။ ကောင်းမှု ကုသိုလ်ပြုတာပေါ့။ ရဟန်းသံဃာတော်တွေကို ဆွမ်းကပ်တယ်။ ကုသိုလ်လေး လုပ်ဖြစ်တာပါ။ အဓိက ကတော့ သူတော်တစ္ဆေ သွားရိုက်ချိန်မှာ တကယ့် ရှေးဟောင်း ကျောင်းကြီးမှာ ရိုက်တာလေ။ နောက် လှိုဏ်ဂူရှိနေတယ်။ ချောင်တို့ အဖွဲကပါလာတဲ့ သရဲရှာတဲ့စက်နဲ့ စမ်းပြီး ဒီနေရာမှာ ပရလောကသားတွေရှိသလား မေးလိုက်တော့ အဲဒီစက်ထဲကနေ ရှိတယ်ဆိုတာ သိရတယ်။ ရှိတယ်ဆိုတဲ့ အသံတိုးတိုးလေးကြားရတယ်။ သူတို့ဘယ်နှစ်ယောက်ရှိတယ်ဆိုတာပြောပြီး သူတို့ကို မနှောင့်ယှက်ပါနဲ့။ သူတို့အတွက် အလှူအတန်းလေး ကောင်းမှုကုသိုလ်လေးလုပ်ပေးပါဆိုလို့ အခုလို လုပ်ပေးဖြစ်တာပါ” လို့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ပြောပါတယ်။
အဆိုပါ အလှူအခမ်းအနားကိုတော့ ပင့်ရဟန်းသံဃာတော် အရှင်သူမြတ်တွေကို နေ့ဆွမ်း၊ သင်္ကန်းနဲ့ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ သရုပ်ဆောင် ဘရန်ဒိုလီ၊ မှုံနံ့သာကျော်ရဲအောင် စတဲ့သူတွေက မကျွတ်မလွတ်သေးတဲ့ သူတွေကို ပင့်ဖိတ်ကာ ရေစက်သွန်းချ တရားတော် နာယူ အမျှအတန်းပေးဝေခဲ့ကြပါတယ်။
သူတော်တစ္ဆေရုပ်ရှင်ဇာတ်ကားကြီးကို ပုဂံမြို့နယ်ရှိ ရှေးဟောင်းဘုန်းတော်ကြီးမှာ ရိုက်ကူးရေးပြီးဆုံးချိန်ကလည်း ကျောင်းအနီးရှိ သံဃာတော်အရှင်သူမြတ်တွေကို အလှူအတန်းတွေလုပ်ခဲ့သေးတယ်လို့ သိရပါ တယ်။
