
၂၀.၆.၂၀၂၅.
Translated by Htwe Ko Tun
အခုရက်သတ္တပတ်အတွင်းမှာပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ သူ့ရဲ့ အာရှအလယ်ပိုင်းမိတ်ဖက်နိုင်ငံတွေအကြား ပြုလုပ်ခဲ့တဲ့ အဆင့်မြင့်ထိပ်သီးဆွေးနွေးပွဲတစ်ရပ်မှာ ပါဝင်တဲ့နိုင်ငံတွေဟာ ကသောင်းကနင်း အခြေအနေနဲ့ ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ ကမ္ဘာကြီးရဲ့ ဖြစ်ရပ်တွေကြား သူတို့တွေရဲ့ လုံခြုံရေးအခြေအနေတွေ မျှဝေဆောင်ရွက်မှုကို ဆွေးနွေးပြောကြားခဲ့ကြပြီး ညီညွတ်တဲ့ ရှေ့တန်းမျက်နှာစာမှာ အတူတူရှိနေကြတယ်ဆိုတာ ပြသခဲ့ကြပါတယ်။
တရုတ်အစိုးရနဲ့ ခုလို အနီးကပ်ရင်းနှီးတဲ့ဆက်ဆံရေးတွေနဲ့ တရုတ်-အာရှအလယ်ပိုင်းထိပ်သီးဆွေးနွေးပွဲကို ဇွန်လ ၁၇ ရက်မှာ ကာဇက်စတန်နိုင်ငံမှာ ကျင်းပခဲ့ကြတာက တစ်ဖက်က ရုရှားနိုင်ငံအဖို့ ယူကရိန်းစစ်ပွဲမှာ နယ်မြေကြိုတင်သိမ်းယူမှုတွေနဲ့အတူ သူ့အဖို့ ဒေသတွင်း ဩဇာလွှမ်းမိုးမှုမှေးမှိန်လာရလားဆိုတာ မေးခွန်းထုတ်စရာတောင် ဖြစ်ခဲ့ရပါတယ်။
ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် ကတော့ အဲဒီလိုဖြစ်လာလေမလား ခန့်မှန်းချက်တွေကို ပယ်ချခဲ့ပါတယ်။ သူက ဒီလိုဖြစ်လာမယ်လို့ ကြောက်ရွံ့စရာ ဘာအကြောင်းမှမရှိဘူးလို့ ပြောခဲ့ပါတယ်။ သူက တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုတာက ရုရှားရဲ့ မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံဖြစ်ပြီး အာရှအလယ်ပိုင်းနိုင်ငံတွေကလည်း ရုရှားရဲ့ သမိုင်းဝင်မိတ်ဖက်နိုင်ငံတွေပါလို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် သံတမန်ရေးလေ့လာသူတချို့ကတော့ ရုရှားအစိုးရအနေနဲ့ အာရှအလယ်ပိုင်းမှာ လွှမ်းမိုးမှု မြင့်တက်လာတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပြန်လည်ချိန်ညှိနိုင်ဖို့ စွမ်းဆောင်ရည်အားလျော့နေရတယ်လို့ ပြောကြပါတယ်။ ဒါတောင် တရုတ်အနေနဲ့ သူက အာရှအလယ်ပိုင်းဒေသအတွင်းမှာ အဓိကကျတဲ့ လုံခြုံရေးကိုဩဇာလွှမ်းမိုးနိုင်သူနိုင်ငံကြီးအဖြစ် ရုရှားကိုစိန်ခေါ်တဲ့လုပ်ရပ်တွေမျိုးမပြုလုပ်ဘဲ ရှောင်ရှားနေတာလို့ ဆိုကြပါတယ်။
တရုတ်-အာရှအလယ်ပိုင်းဆက်ဆံရေး ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ယူနီးစ် ရှာရစ်ဖ်လီ ကတော့ တရုတ်အနေနဲ့ ရုရှားကို ဒေသအတွင်း အဓိကလုံခြုံရေးဦးဆောင်သူအနေနဲ့ တလေးတစားရှိတဲ့ပုံပေါ်ပေမယ့် ရုရှားအကျိုးစီးပွားတွေရှိတဲ့ ဒီဒေသအတွင်းစီးပွားရေးအရ ချဥ်းနင်းဝင်ရောက်လာမှုကိုတော့ တွေ့နေရတယ်လို့ ပြောခဲ့ပါတယ်။ ဒီအပြောင်းအလဲက ရုရှားအစိုးရအဖို့တော့ စိုးရိမ်ပူပန်မှုတွေဖြစ်စေမှာပါလို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။
ရှန်ဟဲမြို့ အပြည်ပြည်ဆိုင်ရာလေ့လာမှုများတက္ကသိုလ်မှ ရုရှားနဲ့ အာရှအလယ်ပိုင်းရေးရာ ကျွမ်းကျင်သူဖြစ်တဲ့ ကျောက်လောင်း(Zhao Lomg) ကတော့ ရုရှားအစိုးရက အာရှအလယ်ပိုင်းနိုင်ငံတွေမှာ ယဉ်ကျေးမှုပိုင်းအရ ဆက်သွယ်မှုတွေ နက်နက်ရှိုင်းရှိုင်းရှိပါတယ်။ တရုတ်ကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပိုင်းကိုအလေးထားတာပါ။ သူတို့အနေနဲ့ ဒေသအတွင်း ပြိုင်ဘက်ဖြစ်ကြဖို့ မရှိပါဘူး။ ဒါပေမယ့် တစ်ခါတစ်ရံတော့ သူတို့လုပ်ဆောင်မှုတွေက အချင်းချင်းတစ်ယောက်နယ်ပယ်မှာတစ်ယောက် ပါဝင်မိတာတွေရှိတာပေါ့လို့ ဆိုခဲ့ပါတယ်။
ဒါပေမယ့် ဒေသအတွင်း CSTO လို့ခေါ်တဲ့ ရုရှားနဲ့ အာရှအလယ်ပိုင်းနိုင်ငံတွေရဲ့ လုံခြုံရေးဆိုင်ရာ မဟာမိတ်အုပ်စုအရ ရုရှားက ကျန်နိုင်ငံတွေရဲ့လုံခြုံရေးမဟာမိတ်အဖြစ် ရှိနေပါတယ်။ ဒီအုပ်စုမှာ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ ရုရှားနဲ့ ဘီလာရုစ်တို့အပြင် အဖွဲ့ဝင်အဖြစ်က ခေတ္တဆိုင်းငံ့ခံထားရတဲ့ အာမေးနီးယားတို့လည်း ပါဝင်ပါတယ်။
CSTO က အဖွဲ့ဝင်တွေကို စုစည်းတဲ့လုံခြုံရေးအာမခံချက်အောက်မှာရှိစေပြီး ရုရှားအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ကာကွယ်ရေးအမိုးအကာကြီးကြီးအနေနဲ့ ဆောင်ရွက်ပေးမှာပါ။ ဒါကြောင့်လည်း ကျောက်လောင်းက ရုရှားနဲ့တရုတ်တို့ဟာ ဒေသအတွင်း ပြိုင်ဆိုင်မှုရှိကြရင်တောင် နှစ်ဦးနှစ်ဖက်ကြီးကြီးမားမားအကျိုးရှိစေမယ့် ပြိုင်ဆိုင်မှုမျိုးသာဖြစ်မယ်လို့ ဆိုခဲ့ပါတယ်။
ဒါ့ပြင် တရုတ်နိုင်ငံရဲ့ အာရှအလယ်ပိုင်းနိုင်ငံတွေနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုက အကြမ်း ဖက်မှု၊ ခွဲထွက်မှုနဲ့ အစွန်းရောက်မှု နယ်ပယ်သုံးရပ်မှာ တိုက်ခိုက်နှိမ်နင်းသွားဖို့သာ ဖြစ်တာကိုလည်း တွေ့ရမယ် ဆိုပါတယ်။
ရုရှားနိုင်ငံအနေနဲ့ အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုတွေအောက်မှာ တရုတ်နိုင်ငံအပေါ် မှီခိုရမှုတွေရှိပြီး ဒေသတွင်း တရုတ်ဩဇာလွှမ်းမိုးလာရင်တောင်တွန်းလှန်ဖို့ စီးပွားရေးနဲ့နည်းပညာလျော့ပါးမှုတွေရှိလာနိုင်ပါတယ်။ ဒါပေမယ့် တရုတ်အစိုးရအနေနဲ့လည်း ဒေသအတွင်း ၎င်းဝင်ရောက်လာမှုက တရုတ်နဲ့ ရုရှားကြား တည်ငြိမ်အေးဆေးနေတဲ့မဟာဗျူဟာမြောက်ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်မှာတော့ မဟုတ်ပါဘူး။
ဒါကြောင့်လည်း အာရှအလယ်ပိုင်းမှာ တရုတ်ဩဇာလွှမ်းမိုးလာမှုက ရုရှားရဲ့ ရှိပြီးအရှိန်အဝါကိုတော့ ယုတ်လျော့စေမှာမဟုတ်ဘူးလို့ ဆိုချင်ပါတယ်။
Ref-SCMP
