
၂၀. ၆. ၂၀၂၅
Translated by Thettant
စင်ကာပူဝန်ကြီးချုပ် လောရင့်စ်ဝေါင်သည် ဇွန်လ ၂၂ ရက်မှ ၂၆ ရက်နေ့အထိ တရုတ်နိုင်ငံသို့ ပထမဆုံး တရားဝင်ခရီးစဉ်ကို စတင်တော့မည်ဖြစ်သည်။ ယင်းခရီးစဉ်သည် ပြီးခဲ့သည့်လက ရွေးကောက်ပွဲအနိုင်ရသဖြင့် ရာထူးစတင်ထမ်းဆောင်ပြီးနောက် အာဆီယံပြင်ပသို့ ပထမဆုံးခရီးစဉ်လည်း ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် အဆိုပါခရီးစဉ်ကို ကြေညာခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာရေးအတွက် အဆိုပါခရီးစဉ်၏ အရေးပါပုံကို မီးမောင်းထိုးပြခဲ့သလို အဆိုပါ ခရီးစဉ်သည် တရုတ်ဝန်ကြီးချုပ်လီချန်၏ ဖိတ်ကြားချက်ဖြင့် နိုင်ငံတော်အဆင့် ခရီးစဉ်လည်းဖြစ်သည်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကောကျားခွန်းက ဝေါင်၏ တရုတ်ကို ဦးစားပေးရွေးချယ်မှုသည် နိုင်ငံနှစ်ခုကြား ဆက်ဆံရေး တိုးတက်စေရန် သူ၏ကတိကဝတ်ကို ထင်ဟပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ခရီးစဉ်အတွင်း တရုတ်ခေါင်းဆောင်များသည် ဝေါင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကြမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးအပြင် နှစ်ဦးနှစ်ဖက် စိုးရိမ်ပူပန်သော ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များကို အဓိက ဆွေးနွေးကြမည်ဖြစ်သည်။
“တရုတ်အနေနဲ့ ဒီခရီးစဉ်ကို အသုံးပြုပြီး စင်ကာပူနဲ့ မဟာဗျူဟာမြောက် ဆက်သွယ်မှုတွေကို ပိုမိုမြှင့်တင်ဖို့၊ နယ်ပယ်အသီးသီးမှာ ဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို နက်ရှိုင်းစေဖို့၊ ဘက်ပေါင်းစုံထိတွေ့ဆက်ဆံရေးမူဝါဒနဲ့ လွတ်လပ်သော ကုန်သွယ်ရေးကို ပူးပေါင်းထိန်းသိမ်းဖို့၊ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြင့်မားတဲ့ အဆင့်ကို မြှင့်တင်ဖို့ မျှော်လင့်ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။
ထို့အပြင် စင်ကာပူနှင့် တရုတ်သည် ရင်းနှီးသော အိမ်နီးချင်းများနှင့် အရေးပါသော မိတ်ဖက်များဖြစ်ပြီး ၎င်းတို့၏ ဆက်ဆံရေးသည် တည်ငြိမ်စွာ တိုးတက်နေကြောင်း ကောကျားခွန်းက မှတ်ချက်ပြုခဲ့သည်။ တရုတ်အနေဖြင့် ဤခရီးစဉ်ကို မဟာဗျူဟာမြောက် ဆက်သွယ်မှုများကို မြှင့်တင်ရန်၊ နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် ဘက်ပေါင်းစုံထိတွေ့ ဆက်ဆံရေးမူဝါဒနှင့် လွတ်လပ်သော ကုန်သွယ်ရေးကို ပူးပေါင်းထိန်းသိမ်းရန် အခွင့်အရေးအဖြစ် အသုံးပြုရန် ရည်ရွယ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ဆွေးနွေးမှုများသည် တရုတ်-စင်ကာပူ ဆက်ဆံရေး ပိုမိုတိုးတက်မှုများအတွက် လမ်းခင်းပေးမည်ဟု မျှော်လင့်ရပြီး ဒေသတွင်းနှင့် ကမ္ဘာ့သာယာဝပြောရေးအတွက် အထောက်အကူပြုမည်ဖြစ်သည်။
အလားတူ စင်ကာပူနိုင်ငံ နန်ယန်းနည်းပညာတက္ကသိုလ်မှ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လက်ထောက်ပါမောက္ခ ဒိုင်လျန်လို့ဟ်က ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများသည် အစည်းအဝေး၏ အဓိကအကြောင်းအရာ ဖြစ်လာမည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့သည်။
“အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုနဲ့ ကုန်သွယ်ရေးဆိုင်ရာ မရေရာမှုတွေကြားမှာ၊ သူ့ရဲ့ခရီးစဉ်ဟာ စင်ကာပူရဲ့ အရေးအပါဆုံး စီးပွားရေးမိတ်ဖက်တွေထဲက တစ်ခုနဲ့ ဆက်သွယ်ဖို့ အသုံးဝင်တဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
စင်ကာပူအပါအဝင် အရှေ့တောင်အာရှနိုင်ငံအများစုသည် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုတွင် ဘက်မလိုက်လိုကြောင်း ရှင်းလင်းစွာ ပြောကြားထားသည်။ တရုတ်သည် စင်ကာပူ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်နေသည်မှာ ကြာပြီဖြစ်သော်လည်း စင်ကာပူသည် အမေရိကန်နှင့် စစ်ရေးအရ နက်ရှိုင်းသော ဆက်ဆံမှုများရှိသည်။ ထို့အတူ အမေရိကန်၏ အခွန်စည်းကြပ်မှုတွင် စင်ကာပူနိုင်ငံသည်လည်း ၁၀ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်ခံထားရပြီး စင်ကာပူကမူ သုညရာခိုင်နှုန်းသာဖြစ်သင့်ကြောင့် မှတ်ချက်ပြုထားသည်။
လက်ရှိ တရုတ်ခရီးစဉ်မှာမူ ဝန်ကြီးချုပ် ဝေါင်၏ တရုတ်နှင့် ပထမဆုံးထိတွေ့ဆက်ဆံမှု မဟုတ်ဘဲ ဝေါင်သည် ၂၀၂၃ ခုနှစ်တွင် နှစ်ကြိမ် တရုတ်သို့ သွားရောက်ခဲ့ကာ အဆိုပါ ခရီးစဉ်နှစ်ခုတွင် စင်ကာပူဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံထားရပြီးစ သွားရောက်ခဲ့သော ဒီဇင်ဘာခရီးစဉ်လည်း ပါဝင်သည်။ ဝေါင်သည် တရုတ်-စင်ကာပူ ဆက်ဆံရေး၏ အနာဂတ်အပေါ် အကောင်းမြင်ကြောင်း ယခင်က ဖော်ပြခဲ့ပြီး ၃၅ နှစ် တိုင်ခဲ့ပြီဖြစ်သော နှစ်နိုင်ငံဆက်ဆံရေးမှာ”နက်ရှိုင်းပြီး ရေရှည်တည်တံ့သော” ဆက်ဆံရေးအဖြစ် ထုတ်ဖော်ပြောကြားခဲ့သည်။
Ref, DimsumDaily & SCMP
