၂၀.၆.၂၀၂၅
Written by Hey Mar
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းမှုများနေပြီး တောင်ကျရေစီးဆင်းကာ ချောင်းတွေထဲ စီးဝင်နေလို့ ရုတ်တရက် ရေတိုးပြီး ရပ်ကွက်တချို့နေ ပြည်သူတွေ ရေဘေးလွတ်ရာ ခေတ္တတိမ်းရှောင်နေထိုင်နေရကြောင်း ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဒီနေ့ ဇွန်လ ၂၀ ရက် မနက် ဆယ်နာရီခန့်မှာ တောင်ငူမြို့ ၁၁ ရပ်ကွက် နယ်မြေ ၉ ရှိ ဆင်ခြေဖုံးရပ်ကွက်တွေထဲ ခပေါင်းချောင်းရေကြီးရေလျှံမှူကြောင့် ရုတ်တရက်ရေဝင်ရောက်လာလို့ ပြည်သူတွေဘေးလွတ်ရာဆီ မြန်မာနိုင်ငံ လူမှူကယ်ဆယ်ရေးအဖွဲ့ S.T.T RESCUEတောင်ငူက ကယ်ဆယ်ပေးနေပါတယ်။
လက်ရှိအချိန်အထိ ချောင်းရိုးတစ်လျှောက် အနိမ့်ပိုင်းရပ်ကွက်တွေထဲရှိ အိမ်ခြေတစ်ရာနီးပါးက မိသားစုဝင်တွေကို ရေဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းဆီ ပြောင်းရွှေ့ပေးထားပြီး ချက်ပြုတ်ကျွေးမွေးနိုင်ဖို့လည်း အရေးပေါ်စီစဉ်နေတယ်လို့ သိရပါတယ်။
တောင်ငူ Save The Trees Rescue Team မှ တာဝန်ရှိသူက “ရေက ရုတ်တရက်ကြီးတာ။ အချိန်တိုတွင်းမှာ ပြန်ကျမှာပဲ။ မိုးများတော့ တောင်ကျရေလျှံပြီး လယ်ယာ ချောင်းမြောင်းတွေထဲ ရေများနေတာကနေ အကုန်လုံးက ခပေါင်းချောင်းထဲ စုပြီး စီးဆင်းလို့ ခပေါင်းချောင်းရေတိုးတယ်။ ရေတိုးတော့ ဆည်ရေပြည့်ပြီး ရေလွှတ်တာကြောင့် ချောင်းရေ ရုတ်တရက် လျှံတာ။ ရေစီးရေတက်ပါကြမ်းနေလို့ အန္တရာယ် ဖြစ်မလာခင် ပြောင်းသင့်တာ ပြောင်းထားတဲ့ သဘောပဲ။ သဘာဝဘေးက ကြိုမမြင်ရဘူးမို့လား” လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပုံကို ပြောပြပါတယ်။
ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် တောင်ငူ၊ ဆူးတက်ရွာလယ်၊ ကျောင်းတံတားနဲ့လက်ခုတ်ကုန်းတံတား ရုတ်တရက်ရေတိုးပြီးကျိုးသွားတယ်လို့လည်း သိရပါတယ်။
မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကလည်း “မိုးဦးကာလအကုန်ရက် ဇွန်လ ၃၀ ရက်အထိတော့ မိုးရွာတာက မပြတ်နိုင်ပါဘူး။ အနောက်တောင်မုတ်သုံလေ အားကောင်းနေဆဲမို့ လေပြင်း ရံဖန်ရံခါတိုက်နေတာလည်း ရှိပါမယ်။ လတ်တလော အချိန်မှာ ထန်းတပင်နဲ့ ပဲခူးတိုင်းအနောက်ခြမ်းက လက်ပံတန်းမှာ မိုးအနည်းငယ်ရွာပြီး တိမ်တွေထူနေပါတယ်။ ပဲခူးတိုင်းအရှေ့ခြမ်းမှာ မိုးက ဆက်များနေဦးမှာပါ။ တအိအိနဲ့ တက်လာနေမဲ့ စစ်တောင်းမြစ်ကို သတိထားစောင့်ကြည့်ကြရပါဦးမယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ပဲခူးတိုင်းအတွင်းက ရာသီဥတု ဖြစ်စဉ်တချို့ကို အသိပေးလာပါတယ်။




