◼ အမေရိကန်က အစ္စရေး-အီရန်စစ်ပွဲမှာ စွက်ဖက်ပါဝင်ဖို့ ထရန့်အနေနဲ့ ဆုံးဖြတ်မလားဆိုတာ ခန့်မှန်းမရနိုင်တဲ့ အခြေအနေမှာပဲ ရှိနေ
၂၀.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သူ့အနေနဲ့ အစ္စရေးနဲ့ အီရန်တို့ ဖြစ်နေတဲ့စစ်ပွဲမှာ စစ်ရေးအရ ပါဝင်စွက်ဖက်မှု ပြုမယ်၊ မပြုဘူးဆိုတာ လာမယ့်နှစ်ပတ်အတွင်း ဆုံးဖြတ်သွားမယ်လို့ ဇွန်လ ၁၉ ရက်က ကြေညာခဲ့ပါတယ်။ ထရန့်အနေနဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဖြစ်ခဲ့တဲ့စစ်ပွဲမှာ အားလုံးက စောင့်ကြည့်နေကြတဲ့ အမေရိကန်ပါဝင်စွက်ဖက်မှုအတွက် အချိန်ကာလသတ်မှတ်ချက်တစ်ခုကို ကမ်းလှမ်းခဲ့တာလည်း ဖြစ်ပါတယ်။
ထရန့်က “မဝေးတော့တဲ့အနာဂတ်မှာ အီရန်နဲ့ ညှိနှိုင်းဆွေးနွေးပွဲလုပ်နိုင်ဖို့ အလားအလာရှိမလား၊ မရှိဘူးလားဆိုတဲ့ အချက်ပေါ်တည်ပြီး နောက်နှစ်ပတ်အတွင်း ကျွန်တော်ကလည်းဆုံးဖြတ်ချက်ချမှာပါ”လို့ ဆိုခဲ့တယ်လို့ အိမ်ဖြူတော်ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လီဗစ်ကတစ်ဆင့် ပြောခဲ့ပါတယ်။ လီဗစ်ကတော့ အီရန်က နှစ်ပတ်လောက်အတွင်း နျူကလီးယားလက်နက်ဖြန့်ချထားနိုင်တယ်လို့ အခိုင်အမာဆိုခဲ့သူဖြစ်ပါတယ်။
လီဗစ်က အမေရိကန်နဲ့အီရန်အကြား တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ခြောက်ကြိမ်လောက်အထိ လုပ်ခဲ့တာဖြစ်သလို စာပေးစာယူ အဆက်အသွယ်ကတော့ ရှိနေဆဲပဲဆိုတာ အတည်ပြုနိုင်ပါတယ်လို့လည်း ပြောခဲ့ပါတယ်။
ဒါ့ပြင်သူက ထရန့်ရဲ့ကြေညာချက်ကို ဆွေးနွေးခဲ့ရာမှာ ထရန့်က အီရန်ကို သူ့အနေနဲ့ တိုက်ချင် တိုက်မယ်၊ မတိုက်ချင်မတိုက်ဘူးလို့လည်းပြောခဲ့တာက သူ့ပါတီအတွင်းမှာကို ဆန့်ကျင်မှုတွေနဲ့ ဇွန်လ ၁၉ ရက်မှာ ကြုံခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။
ထရန့်ရဲ့ America First ညွန့်ပေါင်းအဖွဲ့မှ ထရန့်အပေါ် လွှမ်းမိုးမှုအရှိဆုံးအသံတွေအနက် တစ်ခုဖြစ်တဲ့ စတိဗ်ဘန်နွန်ရဲ့ပြောကြားချက်မှာတော့ သံတမန်ရေးအပေးအယူနဲ့ ပြဿနာကို မဖြေရှင်းဘဲ အီရန်ရဲ့နျူကလီးယားအစီအစဉ်ကို ဖျက်ဆီးဖို့ အစ္စရေးရဲ့တိုက်ခိုက်မှုကို အထောက်အကူပေးမယ့် အမေရိကန်ရဲ့ ဘယ်စစ်ဖက်စစ်ဆင်ရေးကိုမဆို သတိပေးဆန့်ကျင်ခဲ့ပါတယ်။ ဘန်နွန်က”ကျွန်တော်တို့ နောက်တစ်ကြိမ် အီရတ်လိုနေရာ ရနိုင်တော့မယ်မထင်ပါနဲ့” လို့ ၂၀၀၃ ခုနှစ်က ဖြစ်ခဲ့တဲ့ အီရတ်စစ်ပွဲမှာ အမေရိကန်ပါဝင်တိုက်ခိုက်ခဲ့မှုကို ရည်ညွှန်းပြောခဲ့ပါတယ်။ အီရတ်စစ်ပွဲမှာလည်း အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့ဝင် ၄,၇၀၀ လောက် ကျဆုံးခဲ့တာပါ။
ဒါ့ပြင် ထရန့်ကို နှစ်အတန်ကြာထောက်ခံလာကြတဲ့ နိုင်ငံရေးသမားတွေကလည်း ဒီတစ်ကြိမ်မှာတော့ သမ္မတထရန့်ရဲ့ အစ္စရေး-အီရန် စစ်ပွဲမှာ စစ်ရေးအရ ပါဝင်စွက်ဖက်လိုမှုကို ဆန့်ကျင်ခဲ့ကြပါတယ်။ ဒီမှာ သမ္မတ ထရန့်ရဲ့ပြောကြားချက်အတိုင်း အီရန်ဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ နီးကပ်လာနေပြီ ဒါမှမဟုတ် နျူကလီးယားလက်နက်ရှိနေပြီဖြစ်တဲ့နိုင်ငံဖြစ်လို့ လိုအပ်ရင် အီရန်နျူကလီးယား အစီအစဉ်ကိုဘယ်နည်းလမ်းကိုပဲဖြစ်ဖြစ် သုံးပြီး ဟန့်တားရမယ်လို့ သံယောင်လိုက်လာကြသူတွေနဲ့ဆန့်ကျင်သူတွေအကြား ရီပတ်ဘလစ်ကန်တွေထဲမှာကို မကျေလည်မှုတွေ ဖြစ်ခဲ့ရပါတော့တယ်။
လီဗစ်ကတော့ အီရန်အနေနဲ့ နျူကလီးယားလက်နက်တစ်ခုထုတ်လုပ်ဖို့ အီရန်နိုင်ငံအကြီးအကဲ အရာတိုလာ ခါမေနီဆီက အတည်ပြုချက်ပဲလိုတော့တာလို့ ပြောခဲ့ပြီး လူသားမျိုးနွယ်တွေနဲ့ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်အန္တရာယ်ပြုမယ့် နျူလက်နက်ကို ထုတ်လုပ်ဖို့ နှစ်ပတ်ပဲလိုတော့တယ်လို့ ပြောခဲ့ပါတယ်။ သူမက အီရန်ဟာ နျူကလီးယားလက်နက်တစ်ခုပိုင်ဆိုင်ဖို့ လိုအပ်တာမှန်သမျှရထားပြီလို့ ပြောခဲ့ပါသေးတယ်။ ဒီလက်နက်က အစ္စရေး၊ အမေရိကန်နဲ့ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လာမှာလို့ ဆိုခဲ့ပါတယ်။ ရုရှားလိုနိုင်ငံမျိုးအပါအဝင် တစ်ကမ္ဘာလုံးက အီရန်အနေနဲ့ နျူကလီးယားလက်နက် မပိုင်ဆိုင်သင့်ဘူးဆိုတာ သဘောတူကြတယ်လို့ လီဗစ်က ထပ်လောင်းပြောခဲ့ပါသေးတယ်။
သတင်းထောက်တွေက ထရန့်အနေနဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေမှာ တရုတ်နိုင်ငံလည်းပါဝင်ဖို့ သမ္မတထရန့်အနေနဲ့ လိုလားမှုရှိပါသလားလို့ အိမ်ဖြူတော်သတင်းစာရှင်းပွဲမှာမေးခဲ့ရာမှာတော့ လီဗစ်က ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတရှီကျင့်ဖိန်တို့ဟာ ဖုန်းဆက်စကားပြောကြတုံးမှာ အစ္စရေးနဲ့ အီရန်ကို အပစ်ရပ်ကြဖို့ တိုက်တွန်းခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။
ထရန့်အစိုးရအနေနဲ့ တရုတ်က အီရန်ကို အထောက်အပံ့ပေးမှာစိုးရိမ်သလားလို့ မေးခဲ့ရာမှာလည်း လီဗစ်က အဲဒီလိုထောက်ပံ့တဲ့အရိပ်လက္ခဏာ မတွေ့ရသေးပါဘူးလို့ ဖြေခဲ့ပါတယ်။
အီရန်ကို မတိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်ဆိုရင် တရုတ်ကိုလည်း တိုင်ဝမ်ကို အလားတူမလုပ်ဖို့ သဘောပေါက်စေတာမျိုးဖြစ်မလားဆိုတာကိုတော့ လီဗစ်က ထရန့်နဲ့ ရှီတို့အကြား အလွန်လေးစားဖွယ်ကောင်းတဲ့၊ ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့ ထောက်ပြခဲ့ပါတယ်။ သူမက သမ္မတ ထရန့်ဟာ ဒီဆက်ဆံရေးကို သမ္မတတာဝန် ပထမသက်တမ်းကတည်းက နှစ်ကြာရှည်စွာထိန်းသိမ်းခဲ့တာလို့လည်း ပြောခဲ့ပါတယ်။ ဒါကြောင့် တရုတ်နဲ့ အမေရိကန်ဟာ မဟာဗျူဟာမြောက်ကိုယ်ကျိုးစီးပွားတွေကိုလည်းမျှဝေခဲ့ကြပြီး စီးပွားရေးမှာသာမက ကမ္ဘာလုံးဆိုင်ရာဆက်ဆံရေးနဲ့ နိုင်ငံခြားရေးမူဝါဒမှာပါ ဒါကိုတွေ့နိုင်တယ်လို့ လီဗစ်က ပြောခဲ့ပါတယ်။
အခုလို ရီပတ်ဘလစ်ကန်တွေအကြား စိတ်ဝမ်းကွဲမကြေလည်မှုတွေ ဖြစ်ရပြီး ထရန့်အဖို့လည်း စစ်ပွဲမှာစွက်ဖက်ပါဝင်ဖို့ နှောင့်နှေးဖွယ်ရာဖြစ်နေရပေမယ့် လီဗစ်ကတော့ ထရန့်ကိုထောက်ခံသူတွေအနေနဲ့ သူ့ကို ဆက်လက်ယုံကြည်အားထားကြဖို့ပြောခဲ့ပြန်တော့ အမေရိကန်ရဲ့ အစ္စရေး-အီရန်စစ်ပွဲမှာ စွက်ဖက်ပါဝင်ဖို့ ထရန့်အနေနဲ့ ဆုံးဖြတ်မလားဆိုတာ ခန့်မှန်းမရနိုင်တဲ့အခြေအနေမှာပဲရှိနေသေးတယ် ဆိုရမှာပါ။
Ref- SCMP
