၂၀. ၆. ၂၀၂၅
Translated by Thettant
ထိုင်းအာဏာပိုင်များသည် လူကုန်ကူးမှုလမ်းကြောင်းတစ်ခုကို ပိတ်ဆို့နိုင်ခဲ့မှုအဖြစ် ယမန်နေ့ နံနက်ပိုင်းက စီးနင်းမှုဖြစ်စဉ်တစ်ခုအတွင်း ကန်ချနာဘူရီပြည်နယ်ရှိ ရော်ဘာခြံတစ်ခုတွင် ပုန်းအောင်းနေသည့် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါဖမ်းဆီးမှုသည် တရားမဝင် မြန်မာနိုင်ငံသားအဖွဲ့တစ်ဖွဲ့က စံခလာဘူရီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ မှောင်ခိုဝင်ရောက်ပြီး ၎င်းတို့၏ နောက်ဆုံးခရီးစဉ်သို့ ပို့ဆောင်ရန် စောင့်ဆိုင်းနေစဉ် သောင်းဖာဖုမ်တွင် ပုန်းအောင်းနေကြောင်း သတင်းရရှိပြီးနောက် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကာ ကန်ချနာဘူရီပြည်နယ်၊ သောင်းဖာဖုမ်ခရိုင်အကြီးအကဲ ချာခရစ် တန်ပီရူလ်ကလည်း ယမန်နေ့တွင် တာဝန်ရှိသူများသည် တရားမဝင် ဝင်ရောက်မှုလုပ်ငန်းကြီးတစ်ခုကို နှိမ်နင်းနိုင်ခဲ့ကြောင်း ဇွန်လ ၁၉ ရက်က အတည်ပြုခဲ့သည်။
ဖြစ်ရပ်တွင် ကန်ချနာဘူရီပြည်နယ် အုပ်ချုပ်ရေးမှူး အတိဆန် အင်ထရာသည် နယ်မြေအတွင်း တရားမဝင် ဝင်ရောက်သူများရှိနေကြောင်း သတင်းရရှိခဲ့ပြီးနောက် ခိုးဝင်သူများကို ဖမ်းဆီးနိုင်ရန် အမြန်ဆုံးဆောင်ရွက်ခဲ့ပြီး နယ်မြေကာကွယ်ရေးစေတနာ့ဝန်ထမ်းများနှင့် ဒေသခံခေါင်းဆောင် များပါဝင်သော ပူးပေါင်းအဖွဲ့တစ်ဖွဲ့ကို ဖြန့်ကျက်ကာ “SEAL STOP SAVE” စစ်ဆင်ရေးကို စတင်ခဲ့သည်။ ထို့နောက် ချာလေမြို့နယ်ခွဲရှိ ဘန်ကဲရင်ခရာဗီရာရွာဝင်ပေါက်တွင် စောင့်ကြည့်ရေးအဖွဲ့ဖြင့် ရှာဖွေခဲ့သော်လည်း တစ်ညလုံး သံသယဖြစ်ဖွယ်လှုပ်ရှားမှုများကို မတွေ့ရှိခဲ့ရပေ။
သို့သော် ဇွန်လ ၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၆ နာရီတွင်မူ အရာရှိများသည် နည်းဗျူဟာပြောင်းလဲကာ ဘန်ကဲရင်ခရာဗီရာ၊ ကျေးရွာ ၂ ရှိ ရာဘာခြံတစ်ဝိုက်ရှိ မြေသားလမ်းကို လှည့်ကင်းလှည့်ခဲ့ရာမှ အပင်များကြားတွင် ပုန်းအောင်းနေသည့် လူ ၂၀ ဦးပါ အဖွဲ့တစ်ဖွဲ့ကို တွေ့ရှိခဲ့သည်။
တာဝန်ရှိသူများကို တွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ထိုအဖွဲ့သည် ထိတ်လန့်တကြားထွက်ပြေးရန် ကြိုးစားခဲ့ကြသော်လည်း နောက်ကျသွားခဲ့ကာ အရာရှိများသည် အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ အားလုံးကို ဖမ်းဆီးနိုင်ခဲ့သည်။ တစ်ဦးချင်းစီတွင် ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်း အနည်းငယ်စီပါသော အိတ်ငယ်များ သယ်ဆောင်ထားသည်ကို တွေ့ရှိရပြီး မူးယစ်ဆေးကဲ့သို့သော မည်သည့် တရားမဝင်ပစ္စည်းမျှ မတွေ့ရှိရချေ။ ထို့အတူ ၎င်းတို့ထဲမှ မည်သူမျှ တရားဝင် သက်သေခံကတ်ပြား သို့မဟုတ် စာရွက်စာတမ်းများ မရှိကြပေ။
ဖမ်းမိသူများက ထိုင်းဘာသာစကား မပြောနိုင်သောကြောင့် ဘာသာပြန်တစ်ဦးကို ခေါ်ယူမေးမြန်းရာ တရားမဝင် ရွှေ့ပြောင်းလုပ်သားများသည် ရန်ကုန်နှင့် မန္တလေးတို့မှ လာရောက်ကြပြီး မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့မှ မှောင်ခိုလမ်းကြောင်းများအတိုင်း ထိုင်းနိုင်ငံ၊ စံခလာဘူရီမြို့နယ်ခွဲရှိ နောင်လူမြို့နယ်ခွဲသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ၎င်းတို့သည် ရာဘာခြံသို့ ရောက်ရှိရန် လှေကို အသုံးပြုခဲ့ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားသို့ အလုပ် သွားရောက် လုပ်ကိုင်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
ဖမ်းမိတရားခံများ ထွက်ဆိုချက်အရ ယင်းတို့ကို ပွဲစားများက မလေးရှားတွင် အလုပ်အကိုင်ရရှိရန် ကတိပြုထားပြီး တစ်ဦးလျှင် မြန်မာငွေ ကျပ် ၇၅ သိန်းဝန်းကျင်ရှိ မလေးရှားရင်းဂစ် ၆,၅၀၀ ခန့် (ဘတ် ၅၅,၀၀၀ ခန့်) ပေးဆောင်ခဲ့ရကြောင်း အရာရှိများကို ဝန်ခံချက်ပေးခဲ့သည်။
Ref, The TYhaiger & Khaosod






