
၁၉. ၆. ၂၀၂၅
Translated by Thettant
မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်းမငြိမ်မသက်မှုများကို ရပ်တန့်စေရန်အတွက် အာဆီယံအနေဖြင့် ဆက်လက်ဆောင်ရွက်နေရမည်ဖြစ်ပြီး ထိုသို့ ပါဝင် စွက်ဖက်ခြင်းက ပဋိပက္ခများကို အဆုံးသတ်နိုင်မည်ဟု အာမခံချက်မရှိသော်လည်း အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်လက်ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း မလေးရှားဝန်ကြီးချုပ် ဒါတွခ် ဆရီ အန်ဝါ အီဘရာဟင်က ယနေ့တွင် အလေးပေးပြောကြားခဲ့သည်။
လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို အပတ်စဉ် အနီးကပ်စောင့်ကြည့်နေကြောင်းလည်း ၎င်းက ပြောခဲ့သလို”ကျွန်တော်တို့က ချက်ချင်းအပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိရေး၊ ပြီးတော့ ဖြုတ်ချခံရတဲ့ အရပ်သားအစိုးရနဲ့ တပ်မတော်အစိုးရကြား ဘက်ပေါင်းစုံပါဝင်တဲ့ ဆွေးနွေးပွဲတွေကို လိုချင်ပါတယ်။ ဒါပေမဲ့ သူတို့ကတော့ အခုထိ မလုပ်ဆောင်သေးပါဘူး” ဟု ဆက်လက် ပြောသော်လည်း ထိုသို့ အာဆီယံက ဘက်ပေါင်းစုံဆွေးနွေးပွဲဖြစ်ရန်လိုအပ်သည်ကို တသမတ်တည်းသော သတင်းစကား ပေးပို့နေရမည်ဟုလည်း ဖြည့်စွက်ပြောခဲ့သည်။
“ကောင်းသောစိတ်တို့ အောင်မြင်ရမယ်။ မဟုတ်ရင်တော့ တိုင်းပြည် ပျက်စီးသွားလိမ့်မယ်။ အရင်ကတည်းက ဖြစ်ပြီးသား ဆင်းရဲမွဲတေမှုက ဆက်လက်ကြီးထွားနေပြီး စနစ်က ကျရှုံးနေပြီ” ဟု အန်ဝါက ယနေ့ ဟီလ်တန် ကွာလာလမ်ပူတွင် ကျင်းပသည့် ၃၈ ကြိမ်မြောက် အာရှ-ပစိဖိတ် စားပွဲဝိုင်းဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
ထို့အပြင် အန်ဝါက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဦးဆောင်ရန် တာဝန်ယူမှုမရှိပါက အာဆီယံအတွက် “ရှက်စရာကောင်းသည်” ဟု ထပ်လောင်းပြောကြားခဲ့သော်လည်း ညှိနှိုင်းဆွေးနွေးမှုများ အဆင်ပြေစေရန် အခြားနိုင်ငံများ ပါဝင်ကူညီခြင်းကို ကြိုဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ မငြိမ်မသက်မှုများသည် နယ်စပ်ဖြတ်ကျော် ပျံ့နှံ့နေပြီး မလေးရှား၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်တို့ကဲ့သို့သော နိုင်ငံများမှာ ရိုဟင်ဂျာဒုက္ခသည်အရေးနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ထောက်ပြခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော တပ်မတော်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ပြည်တွင်းစစ်အခြေအနေသို့ ရောက်ရှိနေလာပြီး ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်ကျခံနေရဆဲဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလတွင် မလေးရှားဝန်ကြီးချုပ် အန်ဝါသည် မတ်လအတွင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူပေါင်း ၃,၆၀၀ ကျော် သေဆုံးခဲ့ပြီးနောက် SAC အစိုးရနှင့် NUG အကြား မခိုင်မြဲသော အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးခဲ့သည်။
Ref, malaymail
