၁၉. ၆. ၂၀၂၅
Translated by Thettant
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သည် ကော့ဘဇားရပြည်နယ်၊ တက်ကနက်ဖ်နယ်စပ်ရှိ နတ်မြစ် (Naf River) အတွင်း ငါးဖမ်းသမားများအသွင်ယူကာ မူးယစ်ဆေးဝါးမှောင်ခိုကူးနေသည့် မြန်မာနိုင်ငံဘက်ခြမ်းနေထိုင်သူ ဘင်္ဂါလီနှစ်ဦးကို မူးယစ်ဆေးဝါးများဖြစ်သော ယာဘဆေးပြား ၁ ဒသမ ၂ သိန်းနှင့်အတူ ဖမ်းမိခဲ့သည်။
BGB ၏ ဖမ်းဆီးခံရသူများမှာ မြန်မာနိုင်ငံ၊ မောင်တောမြို့နယ်၊ ဒိုင်းပါရွာမှ မိုဟာမက် ဇူဘေယာ (၂၀ နှစ်) နှင့် နူရွလ် အာမင် (၂၂ နှစ်) တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တက်ကနက်ဖ်တပ်ရင်း (2 BGB) လက်အောက်ခံ Nazirpara BOP တာဝန်ယူဧရိယာအတွင်းရှိ နတ်မြစ်မှတစ်ဆင့် မြန်မာနိုင်ငံသားအချို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအချို့အား ငါးဖမ်းသမား အသွင်ယူကာ ယာဘဆေးပြားများ ပေးအပ်မည်ဟူသော ထောက်လှမ်းရေးသတင်းအရ BGB တပ်ဖွဲ့ဝင်များသည် နတ်မြစ်နှင့် ၎င်း၏ကမ်းပါးရှိ မဟာဗျူဟာမြောက် နေရာများစွာတွင် စစ်ဆင်ရေးပြုလုပ်ခဲ့သည်။ ထိုသို့ စစ်ဆင်ရေးပြုလုပ်စဉ် ဗုဒ္ဓဟူးနေ့ ည ၁၁ နာရီခန့်တွင် မြစ်အတွင်း လှေတစ်စင်း၏ လှုပ်ရှားမှုသည် မသင်္ကာဖွယ်ရာ ရှိသောကြောင့် BGB ရေတပ်ကင်းလှည့်အဖွဲ့များက လိုက်လံဖမ်းဆီးခဲ့သည်။
BGB ရှိနေခြင်းကို သိရှိလိုက်သော မူးယစ်ဆေးဝါးမှောင်ခိုသမားများသည် လျင်မြန်စွာ ထွက်ပြေးရန် ကြိုးစားခဲ့ကြသော်လည်း BGB အဖွဲ့သည် နတ်မြစ်၏ ဘင်္ဂလားဒေ့ရှ် သုညမျဉ်းအတွင်း ကိုက် ၁၀၀ ခန့်အကွာတွင် ထွက်ပြေးနေသော လှေနှင့် မြန်မာနိုင်ငံနေထိုင်သူ ဘင်္ဂါလီနှစ်ဦးကို ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့သည်။
ဖမ်းမိပြီး နောက်ပိုင်းတွင် BGB အဖွဲ့သည် လှေကို ရှာဖွေခဲ့ရာ ကုန်းပတ်အောက်ရှိ ပိုက်ကွန်အတွင်း သိုဝှက်ထားကာ စနစ်တကျထုပ်ပိုးထားသော ယာဘဆေးပြား ၁၂၀,၀၀၀ ပြားကို သိမ်းဆည်းရမိခဲ့သည်။
ကနဦး စစ်ဆေးမေးမြန်းမှုအတွင်း ဖမ်းဆီးခံရသူများသည် မြန်မာနိုင်ငံမှ ယာဘဆေးပြားများ သယ်ဆောင်လာကာ မြစ်ထဲတွင် ငါးဖမ်းခြင်းဟူသော အကြောင်းပြချက်ဖြင့် ထိုနေရာတွင် စောင့်ဆိုင်းနေသော ဘင်္ဂလားဒေ့ရှ် မိတ်ဖက်များထံ ပေးအပ်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံနေ ဘင်္ဂါလီနှစ်ဦးကို တရားဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသလို ယင်းဖြစ်စဉ်တွင် ပါဝင်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ဖော်ထုတ်ဖမ်းဆီးရန် BGB က ဆောင်ရွက်နေဆဲဖြစ်ပြီး တက်ကနက်ဖ်တပ်ရင်း (2 BGB) ၏ ဒုဗိုလ်မှူးကြီး အာရှကူးရ် ရာ့ဟ်မန်က BGB သည် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုများကို ရပ်တန့်ခြင်းအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများအားလုံးကို တားဆီးရန် လုံး၀လက်မခံသော Zero Tolarance မူကို အကောင်အထည်ဖော်ရန် ကတိပြုထားကြောင်းနှင့် BGB သည် နယ်စပ်တွင် ကင်းလှည့်မှုများကို အားဖြည့်ကာ ပုံမှန်စစ်ဆင်ရေးများ ဆောင်ရွက်လျက်ရှိကြောင်းအပြင် ထိုသို့ လုပ်ဆောင်မှုများမှာ နောင်တွင်လည်း ဆက်လက်ရှိနေမည်ဟု ၎င်းက အာမခံခဲ့သည်။
Ref , BSS News
