၁၉.၆.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံတွင် အရက်သောက်ပြီး ဆူညံသောင်းကျန်းနေကြသည့် မြန်မာနိုင်ငံသားများ သေနတ်ဖြင့် ပစ်သတ်ခံရ၍ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ယမန်နေ့ ဇွန်လ ၁၈ ရက် ထိုင်းစံတော်ချိန် ည ၁၀ နာရီ ခန့်အချိန်က ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဖရပဒဲင်မြို့နယ်အတွင်း အရက်ကို ဝိုင်းဖွဲ့သောက်နေကြသည့် မြန်မာနိုင်ငံသား အလုပ်သမားများ၏ သောင်းကျန်းဆူညံသံကို နားမခံနိုင်သောကြောင့် ထိုင်းနိုင်ငံသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ခတ်မှုကြောင့် မြန်မာအလုပ်သမား အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့သောကြောင့် လူမှုကူညီအသင်းတစ်ခုက Bang Park ok 3 ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကုသမှုခံယူနေကြစဉ် အသက် ၃၀ အရွယ် မြန်မာအလုပ်သမား အမျိုးသမီး မဝေဝေလွင် သေဆုံးသွားကြောင်းနှင့် ဒဏ်ရာရသူ အမျိုးသားမှာ မောင်ရန်ပိုင်ဆိုသူဖြစ်ကြောင်း သိရသည်။
သေနတ်ဖြင့်ပစ်ခတ်သည့် အသက် ၅၂ နှစ်အရွယ် ထိုင်းနိုင်ငံသား မစ္စတာ နေဂျီအား ပစ်ခတ်ခဲ့သည့်သေနတ်နှင့်အတူ ထိုင်းမှုခင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဥပဒေအတိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
