၁၉. ၆. ၂၀၂၅
Written by Nyein Kyaw
တီကျစ် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ၏ ကျောက်မီးသွေး အခြောက်ခံစက် တည်ဆောက်နေမှုအား စက်တင်ဘာလအတွင်း ရာနှုန်းပြည့်ပြီးစီးနိုင်ရေး စီမံဆောင်ရွက်နေပြီး တည်ဆောက်မှုပြီးစီးပါက လက်ရှိထက် မဂ္ဂါဝပ် ၃၀ တိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက တီကျစ်ကျောက်မီးသွေး သုံးရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ပြောကြားသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ အဆင့် (၂) အဖြစ် ဆောင်ရွက်လျက်ရှိသော ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများအတွက် ပြည်ပမှ မှာယူထားသော တည်ဆောက်ရေးပစ္စည်းများ ဆိပ်ကမ်းသို့ရောက်ရှိပါက အမြန်ထုတ်ယူနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ အဆင့် (၂) အဖြစ် ဆောင်ရွက်လျက်ရှိသော ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများ ၇၈ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကာ စက်တင်ဘာလအတွင်း ရာနှုန်းပြည့်ပြီးစီးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက လက်ရှိဓာတ်အားပေးစက်နှစ်လုံးမှ ဓာတ်အား ၉၀ မဂ္ဂါဝပ် ထုတ်လုပ် ပေးလျက်ရှိရာမှ ၁၂၀ မဂ္ဂါဝပ်သို့ တိုးမြှင့်၍ ဓာတ်အားထုတ်လုပ်သွားနိုင်မည်ဖြစ်သည်။
ထို့နောက် ကျောက်မီးသွေးတူးဖော်ရေး လုပ်ကွက်အတွင်း စက်ယာဉ်/ ယန္တရားကြီးများဖြင့် ကျောက်မီးသွေးများ တူးဖော်ထုတ်ယူနေမှုနှင့် ကျောက်မီးသွေးများ စဉ်ဆက်မပြတ် ဆက်လက်တူးဖော်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့ကိုလည်း ပြည်ထောင်စုဝန်ကြီးက ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
