◾ သဘောတူညီချက်တစ်ရပ်ကို ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေး၍မရလျှင် စစ်ရေးနည်းလမ်းကိုသာ အသုံးပြုမည်ဟုပါ ပူတင်ပြော
၁၉.၆.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနဲ့ ယူကရိန်း နှစ်ဖက်ကိုယ်စားလှယ်တွေဟာ ဇွန်လ ၂၂ ရက်အပြီးမှာတော့ တိုက်ရိုက်ညှိနှိုင်း ဆွေးနွေးမှုတွေ ပြန်လည်စတင်ရေးအတွက် ကြိုတင်ပြင်ဆင်နေကြပြီလို့ စိန့်ပီတာစဘတ်မြို့မှာ အဓိကသတင်းအေဂျင်စီတွေက ခေါင်းဆောင်တွေနဲ့ ဇွန်လ ၁၉ ရက်က အစည်းအဝေးအပြီး ရုရှား သမ္မတ ပူတင်က ပြောခဲ့တာကို ဖော်ပြလာပါတယ်။
ပူတင်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနဲ့ ဖြစ်နိုင်ဖွယ်ဆွေးနွေးပွဲတစ်ခုအပါအဝင် ရုရှားဘက်က ညှိနှိုင်းဆွေးနွေးပွဲအတွက် ပွင့်လင်းမှုရှိတယ်လို့ ထပ်လောင်းအတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် သူက ဇယ်လန်စကီး လုပ်ပိုင်ခွင့် အာဏာရဲ့ တရားဝင်ဖြစ်မှုကို စိုးရိမ်တယ်လို့ ပြောခဲ့ပါတယ်။
ပူတင်က “ကျွန်တော့အနေနဲ့ ဘယ်သူနဲ့ဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ပါ။ ဒါကပြဿနာမဟုတ်ပါဘူး။ ယူကရိန်းအနေနဲ့ သူ့ကို ညှိနှိုင်းဆွေးနွေးဖို့ လုပ်ပိုင်ခွင့်အပ်နှံရင် ဇယ်လန်စကီးကပဲ ဆွေးနွေးပေါ့။ တကယ့်အဓိက မေးခွန်းက ရလဒ်အဖြစ် ထွက်ပေါ်လာမယ့်စာချုပ်တွေမှာ ဘယ်သူလက်မှတ်ထိုးမှာလဲ ဆိုတာပဲ”လို့ ဆိုခဲ့သလို ဆက်လက်ပြီး ပူတင်က “တကယ်လို့သာ ငြိမ်းချမ်းစွာဆုံးဖြတ်နိုင်မှု မရှိခဲ့ရင် ရုရှားက ယူကရိန်းမှာ သူ့ရဲ့ ဦးတည်ချက်တွေအတွက် စစ်ရေးနည်းလမ်းကိုပဲ ကျင့်သုံးရလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ သဘောတူညီချက်တစ်ရပ်ကို ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးလို့ မရခဲ့ရင် စစ်ရေးနည်းလမ်းတွေပဲ အသုံးပြုရလိမ့်မယ်ဆိုတာ သံသယရှိနေစရာမလိုဘူး” လို့ ဆိုခဲ့ပါတယ်။
ဒါ့ပြင် သမ္မတပူတင်က ရုရှားနိုင်ငံရဲ့ အထူးစစ်ဖက်စစ်ဆင်ရေးရည်ရွယ်ချက်က ယူကရိန်းနိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ စစ်ဆင်ရေးစွမ်းအားတွေ လျော့ကျစေဖို့အတွက် နိုင်ငံအတွင်း ရုရှားနိုင်ငံကို အန္တရာယ်ပြုမယ့် စစ်ရေးတပ်ဖွဲ့တွေ ဆက်ရှိမနေဖို့ပါပဲလို့လည်း ပြောကြားသွားခဲ့ပါတယ်။
Ref-Xinhua
