◾️ NUG နှင့် PDF ကို မွေးဖွားသူ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်ဦးဆောင်သော NLD CWC အဖွဲ့နှင့် ယင်းတို့၏ လုပ်ရပ်အားလုံးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ မသိသလို NLD ပါတီနှင့်ပါ မသက်ဆိုင်ကြောင်း ပြောသည်ကိုပင် နေဘုန်းလတ်က ယုတ်မာစွာဖြင့် ဂျင်းသတင်းဆိုကာ ပုံဖျက်ခဲ့
၁၉. ၆. ၂၀၂၅
Written by Nay Moe
ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းရုပ်သံများ ယမန်နေ့က ထွက်ပေါ်လာပြီးနောက် ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ရက်တွင် တရားခွင်မှတ်တမ်းပါ ထွက်ပေါ်လာခဲ့ပြီး အဆိုပါ တရားခွင်မှတ်တမ်းများတွင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအချိန် ရာဇဝတ်မှုအဖွဲ့အစည်းအသွင်ပြောင်းလာသည့် CRPH၊ NUG နှင့် PDF ဆိုသည်ကို မသိရှိကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်ကို တွေ့ရသည်။
အဆိုပါ တရားခွင်မှတ်တမ်းများကို လူမှုကွန်ရက်တွင် ဖော်ပြလာသူမှာ အမေရိကန်နိုင်ငံနေ NLD ပါတီဝင်ဟောင်းတစ်ဦးဖြစ်သူ ဒေါ်စန်းစန်းမော်ဖြစ်ပြီး သူမ တင်ပြလာသော ပို့စ်တွင် NUG နှင့် PDF ကို မွေးဖွားသူ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်ဦးဆောင်သော NLD CWC အဖွဲ့နှင့် ယင်းတို့၏ လုပ်ရပ်အားလုံးမှာ ဒေါ်အောင်ဆန်းစုကြည် မသိသလို NLD ပါတီနှင့်ပါ မသက်ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ထွက်ဆိုချက်၊ ဦးဝင်းမြင့်၏ ပြောကြားချက်၊ ဦးဟံသာမြင့်၏ ပြောကြားချက်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ မမင်းမင်းစိုး၏ လက်ရေးမူ၊ NLD ပါတီ ဗဟိုကော်မတီဝင် ဦးတိုးလွင်၏ ပြောကြားချက် သက်သေများစွာနှင့် ဖော်ပြလာခြင်းလည်း ဖြစ်သည်။
ထို့အပြင် NLD ပါတီ၏ တရားဝင် Page များကို ဦးဟံသာမြင့်၏ သားမက် နေဘုန်းလတ်နှင့် NUG ပြည်ထဲရေးဝန်ကြီး လွင်ကိုလတ်တို့က တရားမဝင် ခိုးယူသုံးစွဲနေသည်ဟုလည်း ဖော်ပြခဲ့ပြီး ထိုသို့ ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ကြည်ညွန့်တို့ လုပ်ဆောင်သမျှ NLD ပါတီနှင့် မသက်ဆိုင်ကြောင်း မမင်းမင်းစိုးက ဦးအောင်ကြည်ညွန့်တို့ထံ အကြောင်းကြားသည်ကိုလည်း မသိကျိုးကျွံပြုနေခဲ့ကြောင်းကို အသိပေးခဲ့ပေမယ့် နေဘုန်းလတ်တို့အုပ်စုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် ပြောကြားချက်ကိုတောင် ဂျင်းသတင်းလို့ ယုတ်မာစွာ ထုတ်ပြန်ခဲ့တယ်ဆိုတာ ဒေါ်စန်းစန်းမော်က ရေးသားထားပါတယ်။
”ရှေ့နေ မမင်းမင်းစိုးရဲ့ လက်ရေးမူစာနဲ့ သူကိုယ်တိုင် ရှင်းပြခဲ့တဲ့ အသံဖိုင်တွေ၊ အထောက်အထားတွေ အခိုင်အမာ ရှိနေပါတယ်။ အဲဒီနေ့မှာ အန်တီစုရဲ့ ရှေ့နေတွေဖြစ်တဲ့ မစန်းမာလာညွန့်နဲ့ ဦးကြည်ဝင်းတို့ မလာကြပါဘူး။ သူတို့ နှစ်ဦးစလုံးက ရန်ကုန် အင်းစိန်ထောင် တရားရုံးမှာ NLD CEC အချို့ရဲ့ အမှုတွေကို သွားရောက်စစ်ဆေးနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် CEC အဖွဲ့ဝင်အားလုံးနီးပါ အဖမ်းခံ ထောင်ကျနေချိန်မှာ NLD ပါတီနဲ့ CEC အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့ပါဘူး။ NLD နာမည်အသုံးပြုတာ၊ CEC နာမည် အသုံးပြုတာတွေဟာ လုံးဝတရားမဝင်သလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD CEC အဖွဲ့က တာဝန်လည်း မခံသလို တာဝန်လည်းမယူကြောင်း၊ NLD CWC အမည်ခံပြီး ဖွဲ့တာဟာလည်း တရားမဝင်ဘူးလို့ ရှေ့နေတွေကတစ်ဆင့် အပြတ်ပြောခဲ့ပါတယ်။ ဒါကြောင့် NLD ရဲ့ တရားဝင်ဖေ့စ်ဘွတ် စာမျက်နှာကို တရားမဝင် ခိုးယူအသုံးပြုနေကြတဲ့ NLD CWC အမည်ခံ အောင်ကြည်ညွန့် ဦးဆောင်တဲ့သူတွေမှာ ဘာမှ လုပ်ပိုင်ခွင့်မရှိပါဘူး။ အဲ့ဒါကို ရူးချင်ယောင်ဆောင်ပြီး တရားမဝင်တဲ့ NLD CWC နာမည်ကို အသုံးချပြီး NLD ရဲ့ တရားဝင် Facebook Page ကို မောင်ပိုင်စီး ခိုးယူအသုံးပြုပြီး NLD နာမည်နဲ့ ကြေညာချက်တွေ ထုတ်နေတာဟာ လုံးဝတရားမဝင်ဘူးဆိုတာ NLD မှာ နှစ်များစွာ လုပ်ခဲ့ဘူးသူတိုင်း သိကြပါတယ်။ ယခု So-called NLD CWC ဆိုတဲ့ သူတို့ဘာသာ သူတို့ တိုင်းပြည်အပြင်ဘက်မှာ ဖွဲ့ထားကြတဲ့ အဖွဲ့မှာ ပါဝင်တဲ့သူ အားလုံးဟာ ထိုင်းနိုင်ငံ မဲဆောက်နဲ့ အမေရိကားမှာ ရောက်နေသူတွေ ဖြစ်ကြပါတယ်လို့ ကိုတိုးလွင်က ရေးသားခဲ့ပါတယ်။ ရှေ့နေ မမင်းမင်းစိုးရဲ့ လက်ရေးမူစာနဲ့ သူမကိုယ်တိုင် ရှင်းပြခဲ့တဲ့ အခြေအနေ အချက်အလက် အကြောင်းအရာများကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ သဘောထားများအဖြစ် ပြည်ပရောက် အောင်ကြည်ညွန့်တို့အဖွဲ့ သိရှိရအောင် ကြားခံလူမှတစ်ဆင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ကုန်ခါနီးချိန်မှာ ပေးပို့ခဲ့ကြပါတယ်။ အဲ့ဒီလို ပြည်ပြေး အောင်ကြည်ညွန့်နဲ့ ကျော်ထွေးတို့ဆီ ပေးပို့လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို၏ သဘောထားများစာကို ရက်ပိုင်းအတွင်းမှာပဲ D-Wave FaceBook Page ကနေ ၃၀.၁၁.၂၀၂၁ ရက်နေ့မှာ “ဂျင်းသတင်း” ဖြစ်ကြောင်း နေဘုန်းလတ်တို့အဖွဲ့က ယုတ်မာစွာ လိမ်ညာပြီး ပို့စ်တင်ခဲ့ပါတယ်။ NLD ပါတီရဲ့ တရားဝင် Facebook Page နဲ့ ဒီလှိုင်း (D-Wave) Facebook Page နှစ်ခုစလုံးဟာ NLD ပြန်ကြားရေးအဖွဲ့ဝင်ဟောင်းတွေဖြစ်ကြတဲ့ နေဘုန်းလတ် (ယခု NUG) နှင့် လွင်ကိုလတ် (ယခု NUG) တို့နှစ်ဦးရဲ့ လက်ထဲမှာ ရောက်နေကြပါတယ်”လို့လည်း San Maw အကောင့်ကတစ်ဆင့် ဒေါ်စန်းစန်းမော်က ဖွင့်ချခဲ့ပါတယ်။









