◼ အလျှော့ပေးမှုများ မတွေ့ရသည့်အပြင် အစ္စရေး-အီရန်စစ်ပွဲ ခြောက်ရက်မြောက် ဆက်လက်တိုက်ခိုက်လျက်ရှိကြ
၁၈.၆.၂၀၂၅
Translated by Htwe Ko Tun
အစ္စရေးနဲ့ အီရန်တို့ နှစ်နိုင်ငံအကြား စစ်ပွဲက ဇွန်လ ၁၈ ရက်မှာ ခြောက်ရက်မြောက်နေ့ကို ရောက်လာခဲ့ပေမယ့် နှစ်ဖက်စလုံးက အလျှော့မပေးဘဲ ဆက်လက်တိုက်ခိုက်နေကြဆဲဖြစ်ပါတယ်။ ဒီအချိန်မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံအကြီးအကဲ ခါမေနီကို ခြွင်းချက်မရှိလက်နက်ချဖို့ ဇွန်လ ၁၇ ရက်မှာ ပြောခဲ့ပါတယ်။ ထရန့်က ခါမေနီဘယ်မှာရှိလဲ အမေရိကန်ကသိထားပြီး ဒီအချိန်မှာ လက်နက်ချမယ်ဆိုရင် ခါမေနီကို အန္တရာယ်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် အီရန်ဘက်ကလည်း အလျှော့ပေးမယ့်အရိပ်လက္ခဏာမတွေ့ရတဲ့အပြင် ခါမေနီက “ကျွန်တော်တို့အားလုံး အကြမ်းဖက် ဇီယွန်ဝါဒီတွေကို ချေမှုန်းကြရမယ်။ ဇီယွန်ဝါဒီတွေကို သနားညှာတာ နေစရာမလိုဘူး”လို့ ဇွန်လ ၁၈ ရက်နံနက်မှာ ထပ်မံခြိမ်းခြောက်ခဲ့ပြန်ပါတယ်။
ဇွန်လ ၁၈ ရက် နံနက် ၅ နာရီခန့်မှာတော့ တီဟီရန်မြို့တစ်ဝိုက်က ပေါက်ကွဲသံတွေ အဆက်မပြတ် ကြားနေခဲ့ရပါတယ်။ အီရန်အာဏာပိုင်တွေဘက်ကတော့ အဆိုပါပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ပြောကြားမှုမရှိခဲ့ပေမယ့် အစ္စရေးက တီဟီရန်မြို့၊ မီရာဘတ်နိုင်ငံတကာလေဆိပ် တောင်ပိုင်းက လူနေရပ်ကွက်တွေ၊ စစ်ဘက်အဆောက်အအုံတွေ၊ ဆေးဝါးထုတ်လုပ်ဖြန့်ချိရေးကုမ္ပဏီတွေနဲ့ စက်မှုလုပ်ငန်းတွေကိုတိုက်ခိုက်နိုင်တယ်လို့ ကြိုတင်သတိပေးထားခဲ့ပါတယ်။
ဒါ့ပြင် အစ္စရေးက တီဟီရန်မြို့အနီးက ခိုဂျား ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့ တီဟီရန်မြို့ အရှေ့ပိုင်းက အီမန် ဟော့စိန်တက္ကသိုလ်ကိုလည်း အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါသေးတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ကလည်း အစ္စရေးနိုင်ငံကို အသံထက်ငါးဆမြန်တဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။
ဝါရှင်တန်အခြေစိုက်လူ့အခွင့်အရေးအဖွဲ့တစ်ခုက တီဟီရန်မြို့တော်ကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာ အနည်းဆုံး ၅၈၅ ဦးသေဆုံးပြီး ၁,၃၂၆ ဦးဒဏ်ရာရခဲ့တယ်လို့ ဇွန်လ ၁၈ ရက်မှာ ပြောခဲ့ပါတယ်။ အီရန်အစိုးရအနေနဲ့ကတော့ စစ်ပွဲအတွင်း ဇွန်လ ၁၇ ရက်အထိ သေဆုံးသူ ၂၂၄ ဦးနဲ့ ဒဏ်ရာရသူ ၁,၂၇၇ ဦး ရှိတယ်လို့ ပြောခဲ့ပါတယ်။
အီရန် နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ IRGC ကတော့ အီရန်နိုင်ငံရဲ့စစ်ဘက်ထိပ်သီးအကြီးအကဲတွေ အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း သတ်ဖြတ်ခံခဲ့ရခြင်းက အစ္စရေးအနေနဲ့ ဆဲလ်ဖုန်းတွေက နောက်ယောင်ခံလိုက်ခဲ့တာလို့ ပြောခဲ့ပါတယ်။
Ref- Timed of Israel, IRNA



