၁၈. ၆. ၂၀၂၅
Translated by Thettant
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် ယခုနှစ်အစောပိုင်းက မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ပြင်းထန်သည့် ငလျင်ကြောင့် အရေးပေါ် အမိုးအကာများ၊ အစားအသောက်နှင့် အခြားမရှိမဖြစ်လိုအပ်သည့် ပစ္စည်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိ ထောက်ပံ့ငွေကို မြန်မာနိုင်ငံအတွက် အတည်ပြုလိုက်ပြီ ဖြစ်သည်။
မတ်လက လှုပ်ခတ်ခဲ့သော ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၃,၇၀၀ ကျော် သေဆုံးခဲ့ပြီး ဆင်းရဲနွမ်းပါးသော အရှေ့တောင်အာရှရှိ မြန်မာနိုင်ငံ၏ ရပ်ကွက်အများအပြားနှင့် အခြေခံအဆောက်အအုံများစွာ ပျက်စီးခဲ့သည်။
“ဒေါ်လာ သန်း ၁၀၀ အကူအညီ အစီအစဉ်သည် ADB မှ မြန်မာပြည်သူများအတွက် အကြီးမားဆုံး ထောက်ပံ့ငွေဖြစ်ပြီး အလွန်လိုအပ်နေသော မိသားစုများအတွက် အစားအသောက်၊ ရေ၊ အမိုးအကာနှင့် ဆေးဝါးများကို ပေးအပ်သွားမည်ဖြစ်သလို ရေရှည်အတွက် အသက်မွေးဝမ်းကြောင်း၊ အလုပ်အကိုင်များနှင့် ရပ်ရွာခံနိုင်ရည်အားကိုပါ ပံ့ပိုးပေးသွားမည်” ဟု ADB ဘဏ်ဥက္ကဋ္ဌ မာဆာတို ကန်ဒါက ပြောကြားခဲ့သည်။
ADB က အဆိုပါထောက်ပံ့ငွေများကို အာရှဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေမှ ထုတ်ယူမည်ဖြစ်ပြီး အရေးပေါ်အမိုးအကာများ၊ ရေနှင့် မိလ္လာစနစ်ဝန်ဆောင်မှုများ၊ အစားအသောက်၊ အမျိုးသမီးများအတွက် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းများနှင့် စိတ်ဒဏ်ရာကုသမှုတို့အတွက် အကျုံးဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၁၀) ခုတွင်ရှိသည့် ရပ်ကွက် ၃၇၄ ခု၊ ကျေးရွာအုပ်စု ၉၄၄ စု၊ ကျေးရွာ ၂,၀၈၁ ရွာ၊ အိမ်ထောင်စု ၁၆၂,၁၆၇၊ လူဦးရေ စုစုပေါင်း ၅၀၆,၀၆၉ ဦး ဘေးသင့်ခဲ့ပြီး သေဆုံးသူ ၃,၇၃၉ ဦး၊ ပျောက်ဆုံးသူ ၆၈ ဦး၊ ဒဏ်ရာရသူ ၅,၁၀၄ ဦးရှိပြီး လူနေအိမ် ၅၁,၂၁၀ လုံး၊ လမ်းလုပ်ငန်း ၄၃၁ ခု၊ တံတား ၁၀၃ စင်း၊ ရထားလမ်းပျက်စီးနေရာ ၈၃ နေရာနှင့် ရထားလမ်းတံတား ၁၁ စင်း၊ မိုဘိုင်းဆက်သွယ်ရေးစခန်း ၆,၇၃၀ ခု၊ မဟာဓာတ်အားလိုင်း ၁၀ လိုင်း၊ ဓာတ်အားလိုင်းတိုင် ၃,၄၃၅ တိုင်၊ ဆည်မြောင်း ၅၉၄ ခု၊ တာတမံ ၆ ခု၊ ဌာနအဆောက်အဦ ၁၁,၃၃၈ လုံး၊ ဆေးရုံ ၃၈၄ ရုံ၊ ဆေးခန်း ၃၆၄ ခန်း၊ ရှေးဟောင်းအဆောက်အဦနှင့် ပြတိုက် ၁၆၆ ခု၊ အခြေခံပညာကျောင်း ၂,၄၀၉ ကျောင်း၊ အဆင့်မြင့်ပညာကျောင်း ၇၂ ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်း ၉၀၊ ဘုရားစေတီ ၆,၄၆၉ ဆူ၊ ဘုန်းကြီးကျောင်း သီလရှင်ကျောင်းနှင့် အခြားဘာသာရေးအဆောက်အဦ ၅,၅၈၈ ခု၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ၃၄၄ ခု၊ သီးနှံ ၇၈ ဒသမ ၅ ဧက၊ တိရစ္ဆာန် ၁၃၃,၇၀၀ ကောင် ထိခိုက်ပျက်စီးခဲ့ရကာ မူလပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းငွေကျပ် ၃,၈၀၄ ဒသမ ၅၄၉ ဘီလျံ အထိရှိခဲ့ကြောင်း သိရသည်။
Ref, The Star
