ပုံစာ။ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီက ဖြုတ်ချအနားပေးရန် ဦးဟံသာမြင့်က PVTV တွင် ရေးသားခဲ့မှုနှင့် ဝေဖန်မှုများ တွေ့ရစဥ်။
၁၈. ၆. ၂၀၂၅
Written by Tha Doe
အသက် ၇၅ နှစ်အရွယ်မှာ အနားယူမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးတာကို ဖျက်သိမ်းခံ NLD ပါတီရဲ့ CEC နဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်က NUG ထူထောင်ထားတဲ့ ရုပ်သံမီဒီယာ Public Voice Television မှာ နှပ်ကြောင်းပေး ရေးသားဖော်ပြလိုက်ပြီး ၈၀ ပြည့်ချိန် နားရမည့်အချိန်ရောက်ပြီလို့ ယုံကြည်ကြောင်း ဖော်ထုတ်ရေးသားလာပါတယ်။
စာရေးဆရာသိန်းဖေမြင့်ရဲ့ သားဖြစ်ပြီး နှစ်ဦးတည်းသာရှိတဲ့ NLD ပါတီရဲ့အတွင်းရေးမှူးအဖွဲ့မှာ ဦးဉာဏ်ဝင်းကွယ်လွန်သွားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ပြီးရင် ရာထူးအကြီးဆုံးလို့လည်း ဆိုနိုင်ပြီး လက်ရှိအချိန် ထိုင်းနိုင်ငံမှာ တိမ်းရှောင်နေထိုင်နေတဲ့ ဦးဟံသာမြင့်ဟာ “ဒေါ်အောင်ဆန်းစုကြည်နှင့် လက်နက်ကိုင်တော်လှန်ရေး”ဆိုတဲ့ ဆောင်းပါးကို PVTV မှာ ဖော်ပြလာတာဖြစ်ပြီး ဒီဆောင်းပါးမှာတော့ ဦးဟံသာမြင့်က လက်နက်ကိုင်တာကို မကြိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ဖြစ်စဉ်ကြောင့် လက်နက်ကိုင်သွားတာကို နားလည်ပေးမယ်လို့ ယုံကြည်ကြောင်း ရေးသားထားတာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် ဒေါ်စု အနားယူတော့မယ်လို့ ယုံကြည်ကြောင်းနဲ့ ပတ်သက်လို့လည်း ဦးဟံသာမြင့်က”တနေ့တော့ စားပွဲမှာ ထိုင်အလုပ်လုပ်ရင်း၊ တော်ပါပြီ အစ်မတော့ အသက် ၇၅ နှစ်အထိဘဲ နိုင်ငံရေးလုပ်တော့မယ်လို ဆိုပါတယ်။ နောက်ပိုင်းကျတော့ အစည်းအဝေးတခုမှာ နောက်လာမဲ့ရွေးကောက်ပွဲတွေအကြောင်း ပြောတော့ ကျွန်တော်က” အစ်မ – ၇၅ နှစ်အထိဘဲ နိုင်ငံရေးလုပ်မယ်ဆို”လို သတိပေးတော့ “ဒါတော့ အခြေအနေအရပေါ့”လို ပြန်ပြောပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အစ်မ အသက် ၇၅ နှစ် ၇ လနဲ့ ၁၃ရက် ရှိနေပါပြီ။ အခုတော့ အသက် (၈၀)ပြည့်ပါပြီ။ ဖတ်မလို စုထားတဲ့ စာအုပ်တွေကို ဖတ်ရင်း၊ ပီယာနိုတီးရင်း၊ ပန်ချီဆွဲရင်း၊ နားရတော့မယ့်အချိန် ရောက်လာတော့မယ်လို ယုံပါတယ်(သတ်ပုံမူရင်း)”လို့ ဦးဟံသာမြင့်က နှပ်ကြောင်းပေး ရေးသားခဲ့ပါတယ်။
ဦးဟံသာမြင့်ဟာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်က မဲဆောက်မှာရှိတဲ့ My House စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်တဲ့ မဲဆောက်ရောက် လွှတ်တော်အမတ်တွေရဲ့ တွေ့ဆုံအစည်းအဝေးပွဲမှာ ”CRPH နဲ့ NLD CWC အဖွဲ့တွေဟာ NLD ပါတီနဲ့ မသက်ဆိုင်ကြောင်း မပက်သက်ကြောင်း၊ အဲ့ဒီအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေက NLD ပါတီရဲ့ မူဝါဒတွေနဲ့ မကိုက်ညီဘူး … လက်ရှိ NUG/ CRPH က ဦးဆောင်လုပ်နေတဲ့ လက်နက်ကိုင် တော်လှန်ရေးဟာလည်း NLD ပါတီနဲ့ မပက်သက်ဘူး … မိမိအနေနဲ့ ယခုအစည်းအဝေးပွဲကို တက်ရောက်လာတာဟာ NLD CEC အဖွဲ့ဝင်အနေနဲ့ တက်ရောက်တာမဟုတ်သလို CWC အနေနဲ့လည်း တက်ရောက်လာတာ မဟုတ်ဘူး … အစည်းအဝေးပွဲကို ဖိတ်ကြားခဲ့လို့ ဧည့်သည်တစ်ဦးအနေနဲ့သာ တက်ရောက် လာတာဖြစ်ပါတယ်” လို့ တရားဝင်ပြောကြားခဲ့ကြောင်းကို NLD လူဟောင်းတစ်ဦးဖြစ်တဲ့ ဒေါ်စန်းစန်းမော်က လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပြီး ဒီပြောကြားမှုကြောင့် ဦးဟံသာမြင့်အပေါ် ဝိုင်းဝန်းဝေဖန်ချိန်မှာ ဦးဟံသာမြင့်က ဒေါ်အောင်ဆန်းစုကြည်ကိုပါ အနားယူတော့လို့ ရေးသားလာတာဖြစ်ပါတယ်။
ဦးဟံသာမြင့်ရဲ့ ရေးသားချက်နဲ့ ပတ်သက်ပြီး NLD အမတ်ဟောင်း ဦးကျော်မြင့်ဦးကလည်း “ဦးဟံသာမြင့်ကတော့ သူ့ရဲ့ခေါင်းဆောင် DASSK ရဲ့ အသက် ၈၀ ပြည့် မွေးနေ့လက်ဆောင်အဖြစ် ပါတီကနေ ဖြုတ်ချဖို့ နှပ်ကြောင်းစပေးနေပါပြီ။”လို့ ဝေဖန်ခဲ့တာ တွေ့ရပါတယ်။



