၁၈. ၆. ၂၀၂၅
Written by Nyein Kyaw
မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား စီမံကိန်းလုပ်ငန်းများအားလုံး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်တွင် ပြီးစီးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့က ပြုလုပ်သည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားကို ရေယာဉ်များ နေ့/ည ဖြတ်သန်းရာတွင် ရေလမ်းကြောင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင်ပြင်ဆင်စီမံမှုများ ဆောင်ရွက်ထားနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။
အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပါဝင်ဆွေးနွေးကြမည့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရန်ကုန်မြစ်ရေလမ်းကြောင်းအတွင်း ဖြတ်သန်းသွားလာကြမည့် နိုင်ငံတကာကုန်သွယ် သင်္ဘောကြီးများ၊ ကမ်းရိုးတန်းသွားနှင့် မြစ်တွင်းသွားရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရန် စံပြုလုပ်ငန်းစဉ်များနှင့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။
ထွက်ပေါ်လာမည့် စံပြုလုပ်ငန်းစဉ်များနှင့် လမ်းညွှန်ချက်၊ စည်းကမ်းချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများသို့တင်ပြ ခွင့်ပြုချက်ရယူ၍ Stakeholder များ အားလုံးသို့ ကျယ်ကျယ်ပြန့်ပြန့် ချပြရှင်းလင်း ဆွေးနွေးပေးခြင်းနှင့် ပညာပေးခြင်း၊ တိကျစွာ လိုက်နာကျင့်သုံးနိုင်ရေး ကြီးကြပ်စီမံခန့်ခွဲခြင်းနှင့် လိုအပ်သည့်အရေးယူမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် ရန်ကုန်မြစ်ရေလမ်းကြောင်းတစ်လျှောက် နိုင်ငံတကာ ကုန်သွယ်သင်္ဘောကြီးများနှင့် ကမ်းရိုး တန်းသွားနှင့် မြစ်တွင်းသွားရေယာဉ်များ မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ)တံတားကို နေ့၊ ည ဖြတ်သန်းသွားလာကြရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ) တံတား စီမံကိန်းလုပ်ငန်းများအားလုံး ဒီဇင်ဘာလကုန်တွင် ပြီးစီးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


