၁၈. ၆. ၂၀၂၅
Written by Nay Moe
စာပေလက်ရာမျိုးစုံကို ဖန်တီးရေးသားခဲ့တဲ့ သတင်းစာဆရာ၊ စာရေးဆရာ ကြည်မင်း (ကျော်စောမင်း)ဟာ ဇွန် ၁၆ ရက်၊ ည ၁၁ နာရီ၊ ၁၅ မိနစ်မှာ ကွယ်လွန်ခဲ့ပြီး ဇွန်လ ၁၇ ရက်မှာ ရန်ကုန်မြို့ရေဝေးသုသာန်မှာ ရန်ကုန် နာရေးကူညီမှုအသင်းစီစဥ်မှုနဲ့ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။
ကြည်မင်းရဲ့ မိသားစုဝင်တွေဟာ နွေဦးတော်လှန်ရေးမှာ ပြည်ပကို တိမ်းရှောင်သွားပြီး လက်ရှိမှာ PDF ထောက်ပို့လုပ်ဆောင်နေတာကြောင့် စျာပနကို တိတ်တဆိတ်ကျင်းပခဲ့တာဖြစ်ပြီး သမီးဖြစ်သူ ခင်နှင်းကြည်သာဟာ ဖခင်ရဲ့နာရေးစျာပနာပို့စ်မှာတောင် ဆုံမှတ်ပို့စ်နဲ့ ငွေရှာနေကာ နာရေးသတင်းမဖော်ပြဖို့ တောင်းဆိုထားသလို ခေတ်သစ်မီဒီယာအယ်ဒီတာချုပ်သာလွန်ဇောင်းထက်ရဲ့ ဇနီး မြနှင်းအေးဟာလည်း ကြည်မင်းရဲ့ သမီးလို့ တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြနေတာ တွေ့ရပါတယ်။
ကြည်မင်းရဲ့ အမည်ရင်းဟာ ဒေါက်တာ မောင်မောင်စံဖြစ်ပြီး မွေးမြူရေးဆေးတက္ကသိုလ် (ရေဆင်း)မှာ ပါမောက္ခချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ စာပေဝေဖန်ရေးဆောင်းပါးတွေကို ကျော်စောမင်း “ဖတ်ကြည့်” ခေါင်းစဉ်နဲ့ သတင်းစာ၊ ဂျာနယ်အချို့မှာ အခန်းဆက်ရေးသားခဲ့ပြီး ဝတ္ထုတို/ရှည် ၇၀ ခန့်၊ ဆောင်းပါး ၆၀၀ ကျော်၊ လုံးချင်းစာအုပ်ပေါင်း ၅၀ ခန့် ရေးသားခဲ့ပါတယ်။
စာဖတ်သူတစ်ဦးရဲ့ဒိုင်ယာရီ စာအုပ်နဲ့၂၀၀၄ ထန်းရိပ်ညို စာပေဆု၊ ဦးဆောင် စွန့်စား စီးပွားရေး တည်ဆောက်ခြင်း စာအုပ်နဲ့ ၂၀၀၈ သုတစွယ်စုံဘာသာပြန်စာပေဆုတို့ကို ရရှိခဲ့သူ ကြည်မင်းဟာ ကွယ်လွန်ချိန်မှာ အသက် ၈၀ နှစ်ရှိပြီ ဖြစ်ပါတယ်။
ပုံစာ။ ကြည်မင်း၏ စျာပနမြင်ကွင်း (ဓာတ်ပုံ – နာရေးကူညီမှုအသင်း – ရန်ကုန်)






