
၁၃. ၆. ၂၀၂၅
Written by Nay Moe

ဗိုလ်ရန်ဂိတ်လို့ ခေါ်တဲ့ ပသုံးလုံး အကောက်ခွန်ဂိတ်ကနေ ဖြတ်သန်းသွားလာသူတဲ့ မရှိနွမ်းပါးပြည်သူတွေကို ကျွဲ၊ နွား၊ ဆိုင်ကယ်ကအစ ဆက်ကြေးကောက်ခံနေတာဖြစ်ပြီး လက်ရှိဖြစ်ရပ်ကတော့ ဆီတစ်ပေပါကို ကျပ် ၁၅၀၀၀ အခွန်ကောက်ရာကနေ အငြင်းပွားကာ စတင် ဆန္ဒပြကြတာဖြစ်တယ်လို့ သိရပါတယ်။
ဒီ ဆီပေပါသယ်ယူသူတွေဟာလည်း လက်နက်ကိုင် KIA နဲ့ PDF တွေ ထိန်းချုပ်ထားရာနယ်မြေတွေဆီကို မှောင်ခိုသွင်းကြတာဖြစ်လို့ PDF ပသုံးလုံးတွေကလည်း လောဘနဲ့ အဆမတန်စျေးတင် ဆက်ကြေးကောက်ရာမှာ အခုလို ဆန္ဒပြမှုတွေ ဖြစ်လာတာဖြစ်ပါတယ်။

“ဆီတွေကလည်း မှောင်ခိုတွေသွင်းကြတာပါပဲ။ ဒါပေမဲ့ သူတို့ကောက်တဲ့အခွန်က အရမ်းများတဲ့အခါ ပြန်ရောင်းတော့ စျေးက ပြည်မထက် လေးဆ၊ ငါးဆမကဖြစ်ကုန်တယ်။ မတန်တဆ အခွန်ကောက်တော့ စျေးတွေလည်း ကြီး။ အဖမ်းခံ၊ အသက်စွန့်သယ်သူတွေလည်း တွက်ချေမကိုက်တော့ ဆန္ဒပြကုန်ကြတာ”လို့ PDF တွေနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
KIA နဲ့ PDF တွေ ထိန်းချုပ်ထားတဲ့နယ်မြေမှာ စက်သုံးဆီဟာ ရွှေတူးတာ၊ သစ်ခိုးထုတ်တာ စတဲ့သယံဇာတမှောင်ခိုထုတ်လုပ်ဖို့ အရေးပါတဲ့ မှောင်ခိုသွင်းကုန်ဖြစ်တာကြောင့် တစ်ဂါလန်ကို ကျပ် ၇၀၀၀၀ ဝန်းကျင်နဲ့ အထက်ရှိနေတယ်လို့လည်း သိရပြီး အပြန်အလှန်လောဘနဲ့ မှောင်ခိုသယ်တဲ့ ပြည်သူတွေနဲ့ ဆက်ကြေးအဆမတန်ကောက်တဲ့ NUG ရဲ့ ပသုံးလုံးတွေအကြားမှာ တင်းမာနေမှုကို NUG ကလည်း မသိကျိုးကျွံပြုနေသလို ဒေသခံတွေနဲ့ ကုန်တင်ယာဥ်တွေကလည်း “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး၊ ကိုယ်ချင်းစာပါ(ရှင်) ကြီးရယ်၊ ကျုပ်တို့တွေက ပြည်သူတွေပါ”၊ “ပြည်သူတွေက ကုမ္ပဏီထောင်ဖို့မဟုတ်ဘူး။ ဝမ်းရေးအတွက် ရှာဖွေနေတာ”၊ “NUG အခွန်ကောက်ခွင့် တရားဝင်ပေးထားတာလား” စတဲ့ ဆိုင်းဘုတ်တွေနဲ့ ဆက်လက် ဆန္ဒပြနေကြပါတယ်။