
၁၃. ၆. ၂၀၂၅
Translated by Thettant
မနေ့က ဂူဂျာရတ်ပြည်နယ်၊ အမယ်ဒါဘတ်မြို့မှာ လူ ၂၄၂ ဦး လိုက်ပါလာတဲ့ Air India လေယာဉ်ပျက်ကျပြီး လေယာဉ်ပေါ်က ၂၄၁ ဦးနဲ့ မြေပြင်မှာ လေယာဉ်ဝင်တိုက်ခံရတဲ့ ဆေးကောလိပ်က ဆရာဝန်တွေ၊ ဆေးကျောင်းသားတွေ ဆယ်နဲ့ချီ သေဆုံးလို့ လူပေါင်း ၂၆၀ လောက် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အပြီး ဒီနေ့မှာလည်း Air India လေကြောင်းလိုင်းက အခြား လေယာဉ်တစ်စင်းဟာလည်း ဗုံးခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် ဖူးခတ်လေဆိပ်ကိုပဲ အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာ ဖူးခတ်ကနေ နယူးဒေလီဆီ ခရီးသည် ၁၅၆ ဦးတင်ဆောင်သွားတဲ့ လေယာဉ် AI 379 ဟာ လေယာဉ်ပေါ်မှာ ဗုံးခွဲမယ်လို့ ခြိမ်းခြောက်မှုသတင်းတွေ့ရှိပြီးနောက်မှာ ဖူးခတ်လေဆိပ်ကနေ ပျံတက်ပြီးမကြာခင် ဖူးခတ်လေဆိပ်ကိုပဲ ပြန်လည်လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရတာပါ။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ရာမှာတော့ ဒီနေ့ ဇွန်လ ၁၃ ရက် နံနက် ၉ နာရီခွဲမှာ ဖူးခတ်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ Aeronautical Radio of Thailand Co., Ltd. ရဲ့ လေကြောင်းထိန်းချုပ်ရေးစင်တာကနေ အရေးပေါ်အကြောင်းကြားချက်ကို လက်ခံရရှိခဲ့ပြီး Air India လေယာဉ် AI 379 ရဲ့ လေယာဉ်မှူးက လေယာဉ်ပေါ်မှာ ဗုံးခြိမ်းခြောက်မှုစာကို တွေ့ရှိခဲ့တယ်လို့ အစီရင်ခံခဲ့တာဖြစ်ပြီး ချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့ လှုံ့ဆော်တောင်းဆိုခဲ့ပါတယ်။
အဲဒါကြောင့် ပုံမှန်ဘေးကင်းရေးလုပ်ထုံးလုပ်နည်းတွေကို လိုက်နာပြီး ဖူးခတ်လေဆိပ်ဟာ ဒီလိုမျိုး ဖောက်ခွဲတိုက်ခိုက်မှု ကြုံလာချိန် လုပ်ဆောင်ရမယ့် အရေးပေါ်အခြေအနေတွေကို ကိုင်တွယ်ဖို့ ရည်ရွယ်ထားတဲ့ လေဆိပ်အရေးပေါ်စီမံကိန်း (ACP) ကို လျင်မြန်စွာ အသက်သွင်းခဲ့သလို ထိုင်းတော်ဝင်တပ်မတော် (RTA) ကိုပါ အသိပေးခဲ့ပြီး ပါဝင်သူအားလုံးရဲ့ ဘေးကင်းလုံခြုံရေးကို သေချာစေဖို့ လိုအပ်တဲ့ အစီအမံအားလုံးကို ပြင်ဆင်ခဲ့ပါတယ်။ လေယာဉ် အရေးပေါ်ဆင်းသက်ချိန်မှာလည်း လေဆိပ်အာဏာပိုင်တွေက ဒေသခံဥပဒေစိုးမိုးရေးနဲ့ စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ပူးပေါင်းလို့ အထူးသတိထားဆောင်ရွက်ခဲ့သလို ဘယ်လို အခြေအနေမဆို တုံ့ပြန်ဖို့ အရေးပေါ်အဖွဲ့တွေကိုပါ လေဆိပ်မှာ နေရာချထားခဲ့ပြီး အရေးပေါ်တုံ့ပြန်ခဲ့တာပါ။

အာဏာပိုင်တွေက ဘေးကင်းရေးလုပ်ထုံးလုပ်နည်းအားလုံးကို စေ့စပ်သေချာစွာ လိုက်နာခဲ့ပြီး ခြိမ်းခြောက်မှုကို အလေးအနက်ထားဆောင်ရွက်ခဲ့တယ်လို့ ပြည်သူတွေကို အာမခံခဲ့သလို လေယာဉ်ကလည်း မတော်တဆမှုမရှိဘဲ ဆင်းသက်ခဲ့ပြီး ခရီးသည်တွေကို ဘေးကင်းစွာ ဆင်းသက်စေခဲ့ကြောင်း၊ အာဏာပိုင်တွေက အခြေအနေကို စုံစမ်းစစ်ဆေးခဲ့ကြောင်း ထိုင်းဒေသတွင်းသတင်းတွေက ဖော်ပြခဲ့ပါတယ်။
“ကျွန်ုပ်တို့ရဲ့ ခရီးသည်တွေနဲ့ အမှုထမ်းတွေရဲ့ ဘေးကင်းရေးဟာ ကျွန်ုပ်တို့ရဲ့ ထိပ်တန်းဦးစားပေးဖြစ်ပြီး အခြေအနေကို အလေးထားပြီး ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ ကျွန်ုပ်တို့ရဲ့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှု တိုးတက်လာတာနဲ့အမျှ နောက်ထပ်အချက်အလက်တွေကို ထုတ်ပြန်ပေးသွားပါမယ်”လို့ လေဆိပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

လက်ရှိအချိန်အထိတော့ ဗုံးခြိမ်းခြောက်မှု ဒါမှမဟုတ် ဘယ်လိုမျိုးလူတွေက ကျုးလွန်တယ်ဆိုတဲ့ သံသယရှိသူတွေအကြောင်း အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိသေးဘဲ အာဏာပိုင်တွေက ဗုံးခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှုရဲ့ ရင်းမြစ်ကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။
Ref, The Thaiger