◾️ သောကြာ၊ စနေနေ့များတွင်လည်း ဈေးများတွင် လိုက်လံရောင်းချပေးမည်ဟု သိရ

၁၂. ၆. ၂၀၂၅
Written by Nyein Kyaw
ရွှေဘိုနှင့် ဧရာဝတီပေါ်ဆန်းဆန်များကို ဆန်ကုန်စည်ဒိုင်များတွင် အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်အသင်းမှ သိရသည်။
ရောင်းချပေးမည့် ဆန်အမျိုးအစားနှင့်ပမာဏမှာ ရွှေဘိုပေါ်ဆန်း 10 Kg တစ်အိတ်လျှင် ကျပ် ၃၁,၀၀၀ နှင့် ဧရာဝတီပေါ်ဆန်း 10 Kg တစ်အိတ်လျှင် ကျပ် ၂၄,၀၀၀ နှုန်းထားများဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)တွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဘာလို့လဲဆိုတော့ မနက်ပိုင်းက ကုန်စည်ဒိုင်ဈေးကွက်ရှိတော့။ ကုန်စည်ဒိုင်ဈေးကွက်ပြီးမှပဲ ရောင်းပေးနိုင်မှာ။ အခုကတော့ ဝါးတန်းမှာပဲ ရောင်းပေးတယ်” ဟု ဆန်ကုန်သည်အသင်းအတွင်းရေးမှူး ဦးအောင်မြင့်က ပြောသည်။
ထို့ပြင် အပတ်စဉ် သောကြာနေ့နှင့် စနေနေ့များတွင်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးများတွင် သက်သာသောဈေးနှုန်းများဖြင့် လိုက်လံရောင်းချပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
“ဈေးတွေမှာကျတော့ ဒိုင်ဈေးထက် တစ်ထောင်စီ ပိုများတယ်။ ကားခတို့ဘာတို့ရှိလို့လေ။ ရွှေဘိုပေါ်ဆန်းဆို ၃၂,၀၀၀ ပါ။ ဧရာဝတီပေါ်ဆန်းဆို နှစ်သောင်းခွဲပါ။ ဒီ သောကြာ၊ စနေမှာ မော်တင်ဈေးနဲ့ စမ်းချောင်း ဂွဈေးမှာ စရောင်းမယ်” ဟု ဦးအောင်မြင့်က ပြောသည်။
