
၁၂.၅.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လ်မြို့တွင် ဇွန်လ ၆ ရက်က စတင်ခဲ့သော လူဝင်မှုကြီးကြပ်ရေးအရာရှိများ၏ တရားမဝင်ပြောင်းရွှေ့နေထိုင်သူများကို ဖမ်းဆီးမှုအား ဆန္ဒပြမှုများက ဇွန်လ ၁၁ ရက်အထိ ခြောက်ရက်မြောက်အဖြစ် ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ဆန္ဒပြမှုများကို ထိန်းချုပ်ရန်အတွက် သမ္မတထရန့်၏အစိုးရကလည်း အမျိုးစောင့်တပ်ဖွဲ့ဝင် ၄,၀၀၀ ကို လော့စ်အိန်ဂျယ်လ်မြို့သို့ ပေးပို့ တပ်ချထားပြီး နောက်ထပ်မရိန်းတပ်သား ၇၀၀ ကိုပါ ပို့လွှတ်မည့် အခြေအနေရှိကြောင်း သိရသည်။

လော့စ်အိန်ဂျယ်လ်မြို့၌ ဆန္ဒပြမှုများအတွင်း ညဘက်တွင် အရောင်းဈေးဆိုင်များ၊ စတိုးဆိုင်များကို ဝင်ရောက်လုယက်မှုများလည်းရှိလာရာ ဇွန်လ ၁၀ ရက် ညမှစ၍ ည ၈ နာရီမှ နောက်တစ်နေ့နံနက် ၆ နာရီအထိ အပြင်မထွက်ရအမိန့်ကို ပြဌာန်းထားကြောင်းလည်း သိရသည်။
ထို့ပြင် အလားတူ ဆန္ဒပြပွဲများက အမေရိကန်ပြည်ထောင်စု၏ အခြားသောမြို့ကြီးများဖြစ်သော နယူးယော့ခ်၊ ဆီတယ်လ်၊ ချီကာဂို၊ အော့စတင်၊ လာ့စ်ဗီးဂါးစ် နှင့် ဝါရှင်တန် ဒီစီ မြို့ကြီးများတွင်ပါ ဇွန် လ ၁၁ ရက်က ပျံ့နှံ့ဖြစ်ပွားလာခဲ့သည်။

ဝါရှင်တန်ပြည်နယ်အတွင်းရှိ စပိုကာနီမြို့တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသမား ၃၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ မြို့အတွင်း ဆန္ဒပြသမားများက ဇွန်လ ၁၁ ရက်မွန်းလွဲပိုင်းမှစတင်၍ ဆန္ဒပြမှုများပြုလုပ်ခဲ့ကြရာ မြို့တော်ဝန် လီဆာ ဘရောင်းက အရေးပေါ်အခြေအနေကြေညာခဲ့ပြီး ည ၉ နာရီခွဲမှ နောက်တစ်နေ့ နံနက် ၅ နာရီအထိ အပြင်မထွက်ရ အမိန့်လည်း ထုတ်ပြန်ခဲ့သည်။
လာမည့် ဇွန်လ ၁၄ ရက်တွင် ထရန့်ဆန့်ကျင်ရေးဆန္ဒပြချီတက်ပွဲများကို အမေရိကန်ရှိ ရာနှင့်ချီသော မြို့ကြီးများတွင် ပြုလုပ်သွားရန်စီစဉ်ထားကြပြီး ထိုနေ့တွင် ဝါရှင်တန် ဒီစီ၌ ကျင်းပမည့် အမေရိကန်စစ်တပ်၏ နှစ် ၂၅၀ ပြည့်အထိမ်းအမှတ် ချီတက်ပွဲအခမ်းအနားကြီးနှင့် တိုက်ဆိုင်ပြုလုပ်သွားကြမည်ဟုလည်းဆိုသည်။
Ref- CNN
