
၁၂.၆.၂၀၂၅
Written by Thiri
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းလျက်ရှိနေတာကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေသလို မိုးတိတ်ပြီး နာရီပိုင်းအတွင်းရေပြန်လည်ကျဆင်းပေမယ့် ဒီနောက်ပိုင်း လူနေထူထပ်လာတာ၊ တိုးချဲ့လာတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေရဲ့ စနစ်မကျမှုတွေကြောင့် ရေကြီးရေလျှံမှုဖြစ်စဉ်တွေ ပိုမိုဆိုးရွားလာနေတယ်လို့ ဒေသခံတစ်ဦးလည်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ လေ့လာနေသူ သစ်ပင်ချစ်သူများ(တောင်ကြီး)မှ အဖွဲ့ဝင် မထူးထူးက သူ့အမြင်ကို ပြောပါတယ်။
“မိုးရွာရင်ရေလျှံတာက ရေစီးမဲ့မြောင်းတွေ ကျဥ်းမြောင်းလာနေပြီး တချို့နေရာတွေမှာ မြောင်းကို မြေဖို့ပစ်တာမျိုးတွေကြောင့် ပျောက်ပျက်သွားတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ တောင်ကြီး မြို့လယ်ခေါင်မှာ တည်ရှိတဲ့ အိုးရှန်းစူပါစင်တာရှေ့မှာ မိုးများရင် ရေကြီးရေဝပ်နေလေ့ရှိပြီး ဒီနေ့ ဇွန်လ ၁၂ ရက်နေ့မနက်က ရွာတဲ့မိုးကြောင့် အိုးရှန်းဘေး ဈေးတန်းထဲမှာလည်း ရေစီးအဆမတန်ကြမ်းတာကြောင့် ဈေးသည်တွေ ဆိုင်မနစ်မြုပ်ဖို့ပြင်ဆင်ကြိုးပမ်းနေကြတာကိုလည်း ဒေသခံတွေရဲ့ လူမှုကွန်ရက်တွေမှာဖော်ပြထားတဲ့ ရုပ်သံတချို့အရ သိရပါတယ်။

“အိုးရှန်းမှာဘာကြောင့် ရေဝပ်ဧရိယာဖြစ်နေလဲ။ ထ-၄ ၊ ထွန်းဆေးခန်း၊ ရွှေတောင်တန်းဘက်က ရေတွေ အောက်ကိုစီးလာတယ်။ စီးပွားရေးဘဏ်နဲ့မြို့လယ်ဓမ္မာရုံကြား ချောင်းထဲကို မြသုခနဲ့ ရိုးမကြား မြို့မဘက်က မြောင်းကရေတွေ အိုးရှန်းအရှေ့ ကူးတို့ မုန့်ဆိုင်နားကမြောင်းကနေ ဝင်တယ်။ ကုန်သည်လမ်းနဲ့သံလွင်လမ်းက မြောင်းတွေက ရေမဆွဲနိုင်တော့ဘူး။ အိုးရှန်းဆောက်စဥ်ရေမြောင်းကိစ္စ အသေးစိတ်ရေးဆွဲမထားလို့ယခင်မြောင်းဟောင်းတွေ ကောကုန်ပြီ” လို့ မြို့လယ်ခေါင်ရေလျှံနေတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒေသခံတစ်ဦးက လူမှုကွန်ရက်မှာ ပုံနဲ့တကွ မှတ်ချက်ပြုထားတာကိုလည်း တွေ့မြင်ရပါတယ်။
မိုးရေချိန်များရင် တောင်ကြီးမြို့မှာ အခုလိုဖြစ်စဉ်တွေ ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမယ့် ဒီ့နောက်ပိုင်းမှာ ပိုမိုဆိုးရွားလာတဲ့အခြေအနေကို ဒေသခံတွေခံစားလာရပြီလို့လည်း ဒေသခံတွေကဆိုကြပါတယ်။ အဓိကကတော့ Drainage System လို့ခေါ်တဲ့ ရေစီးဆင်းရမယ့် အခြေအနေတွေကို သေချာမလုပ်ဆောင်ဘဲ အိမ်ခြံဝင်းခတ်တာမျိုး၊ ခြံဝင်းအတွင်း ရေစိမ့်ဖို့ မြေမကျန်တော့ဘဲ ကွန်ကရစ်ခင်းပစ်တာမျိုး၊ မြောင်းထဲအမှိုက်ပစ်တာ၊ နောက်ပြီး ချောင်းတစ်လျှောက်အိမ်တွေက မြေပြိုမှာစိုးလို့ နံရံကို အပြင်ကနေ ထပ်မံ မြောင်းမြေဖို့ကာရံတာတွေ လုပ်ဆောင်တဲ့အတွက် မြောင်းက ရေသွားမယ့်လမ်းကြောင်းကျဉ်းလာပြီး ရေကြီးရေလျှံတာတွေဖြစ်လာတာလို့လည်း မထူးထူးက ဆိုပါတယ်။

သူက “ အများစုကတော့ ဂုဏ်ထူးလမ်းတစ်လျှောက်ပေါ့။ သူက မိန်းလမ်းအောက်ဖက်အနိမ့်ပိုင်းလိုဖြစ်နေတော့ ရေစုထားရသလိုဖြစ်နေတာပေါ့။ နှစ်တိုင်းရေဝင်တယ်။ ဒီနှစ်ဆို အုတ်တံတိုင်းတွေပြိုတဲ့အထိ ဖြစ်လာတာပေါ့။ ဆိုင်ကယ်တောင် မြုပ်လုလုပဲ။ အရင်ကလေ အစ်မတို့တောင်ကြီးမှာလေ လမ်းတွေရဲ့ဘေးမှာ မြောင်းလေးတွေရှိတယ်။ လမ်းပေါ်ကရေတွေက အဲဒီ မြေသားမြောင်းထဲစီးဝင်တာ ဖြစ်တဲ့အတွက် အိမ်ထဲထိ ရေမရောက်ဘူး။ ပြီးတော့ မြေသားဖြစ်တဲ့အတွက် ရေအလွယ်တကူစိမ့်တယ်။ လမ်းတစ်လျှောက်လုပ်ထားတာဖြစ်တဲ့အတွက် ရေကျန်နေရင်တောင် မြေကြီးထဲစိမ့်ဝင်သွားတယ်။ အခုကြတော့ အိမ်တွေက မြောင်းနဲ့မလိုချင်ဘူး။ ကွန်ကရစ်ပိုက်လိုင်းချတယ်။ အဲ့ဒါကလည်း တစ်ညီတည်းမဟုတ်ဘဲ ချချင်တဲ့အိမ်ကချ၊ လေးထောင့်လုပ်တဲ့သူကလုပ်ဆိုတော့ ရေပဲစီးရင်ကိစ္စမရှိပေမယ့် အမှိုက်ပါပစ်တတ်တဲ့ အလေ့အကျင့်လေးတွေကြောင့် ဆိုးသွားတာပါ။ ဒါကတော့ မြို့နေလူတန်းစားအားလုံးက သိမှ၊ ဆင်ခြင်မှရမှာပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာာကို ပြန်လည်ဖြေကြားပါတယ်။
တောင်ကြီးမြို့မှာ ဒီနေ့ ဇွန်လ ၁၂ ရက်နောက်ပိုင်းကစပြီး မိုးရွာသွန်းမှု ပြန်လည်လျော့ကျနိုင်ကြောင်းလည်း မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အသိပေးပါတယ်။ ဇွန်လ ၂၀ နဲ့ ၂၁ နှစ်ရက်မှာတော့ မိုးပြန်ပြီးများလာနိုင်ပြီး အဲဒါကလည်း တောင်တရုတ်ပင်လယ်က မုန်တိုင်း WUTIP ရဲ့ သက်ရောက်မှုကြောင့်လို့ ဆိုပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီနေ့ညနေအထိခန့်မှန်းချက်မှာလည်း စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာနေရာစိပ်စိပ်နဲ့ ကျန် တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါကြောင်း၊ ရွာရန် ရာနှုန်းပြည့် ဖြစ်ကြောင်းလည်း ကြေညာထားပါတယ်။
