
၁၂. ၆. ၂၀၂၅
Translated by Thettant
အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သော အမယ်ဒါဘတ်မြို့တွင် လူပေါင်း ၂၄၂ ဦး အနည်းဆုံးတင်ဆောင်ထားသော Air India လေယာဉ်တစ်စင်းသည် ယနေ့ ဇွန်လ ၁၂ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီကျော်အချိန်တွင် လေယာဉ်ပြေးလမ်းမှ စတင်ထွက်ခွာပြီး မကြာမီ ပျက်ကျခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် လေကြောင်းလိုင်းက ကြာသပတေးနေ့တွင် ပြောကြားခဲ့သော်လည်း သေဆုံးသူအရေအတွက်ကိုမူ တိကျစွာ ဖော်ပြခဲ့ခြင်းမရှိပေ။
အမယ်ဒါဘတ်လေဆိပ်မှ ထွက်ခွာလာသော အဆိုပါလေယာဉ်သည် ယူကေရှိ လန်ဒန်မြို့ ဂတ်ဝှစ်လေဆိပ်သို့ ဦးတည်ပျံသန်းသည့် လေယာဉ်ဖြစ်ကြောင်း Air India က ပြောကြားခဲ့ပြီး ရဲအရာရှိများကမူ အဆိုပါ လေယာဉ်သည် လေဆိပ်အနီးရှိ ရပ်ကွက်အတွင်း ပျက်ကျခဲ့ကြောင်း ပြောကြားခဲ့သည်။
လေကြောင်းခြေရာခံဝက်ဘ်ဆိုက် Flightradar24 က အဆိုပါလေယာဉ်သည် ဝန်ဆောင်မှုပေးနေသော ခေတ်အမီဆုံး ခရီးသည်တင်လေယာဉ်များထဲမှ တစ်စင်းဖြစ်သည့် Boeing 787-8 Dreamliner အမျိုးအစားဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ယခုအချိန်မှာတော့ အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့ စိစစ်နေပြီး နောက်ထပ်နောက်ဆုံးအခြေအနေတွေကို မျှဝေပေးသွားပါမယ်” ဟု Air India က X (ယခင် Twitter) တွင် ပြောကြားခဲ့သည်။
လေယာဉ်ပေါ်တွင် လေယာဉ်မှူးနှစ်ဦးနှင့် လေယာဉ်အမှူထမ်း ၁၀ ဦး လိုက်ပါခဲ့ပြီး ခရီးသည်များအဖြစ် အိန္ဒိယနိုင်ငံသား ၁၆၉ ဦး၊ ဗြိတိန်နိုင်ငံသား ၅၃ ဦး၊ ပေါ်တူဂီနိုင်ငံသား ၇ ဦးနှင့် ကနေဒါနိုင်ငံသား ၁ ဦး လိုက်ပါခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ အခြားသော သတင်းဌာနများတွင်မူ ခရီးသည် ၁၃၂ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦးလိုက်ပါလာကြောင်းလည်း ဖော်ပြသည်။
လေယာဉ်ပျက်ကျမှုသည် လေယာဉ်စတင်ပျံတက်ပြီး မကြာမီ ဖြစ်ပွားခဲ့ကြောင်း ရုပ်သံလိုင်းများက ဖော်ပြခဲ့သည်။ ရုပ်သံလိုင်းတစ်ခုတွင် လေယာဉ်သည် လူနေရပ်ကွက်တစ်ခုပေါ်မှ ပျံတက်သွားပြီးနောက် မျက်နှာပြင်ပေါ်မှ ပျောက်ကွယ်သွားကာ အိမ်များနောက်မှ မီးတိမ်ကြီးတစ်ခု ကောင်းကင်သို့ ထိုးတက်လာပုံကို ပြသခဲ့သည်။
ရုပ်ပုံများတွင် မီးလောင်နေသော အပျက်အစီးများနှင့်အတူ လေဆိပ်အနီးကောင်းကင်သို့ မီးခိုးနက်များ ထူထပ်စွာ တက်နေသည်ကိုလည်း ပြသခဲ့သည်။ ၎င်းတို့သည် လူများကို ကားပေါ်တင်၍ လူနာတင်ယာဉ်များဖြင့် သယ်ဆောင်သွားသည့် ရုပ်ပုံများကိုလည်း ပြသခဲ့သည်။
အမယ်ဒါဘတ်လေဆိပ်ရှိ လေကြောင်းထိန်းချုပ်ရေးစခန်း၏ အဆိုအရ လေယာဉ်သည် ၁:၃၉ နာရီ (GMT 0809) တွင် လေယာဉ်ပြေးလမ်း ၂၃ မှ ထွက်ခွာခဲ့သည်။ ၎င်းသည် အရေးပေါ်အခြေအနေကို ဖော်ပြသည့် “Mayday” ခေါ်ဆိုမှုကို ပြုလုပ်ခဲ့သော်လည်း ထိုနောက်ပိုင်းတွင် လေယာဉ်မှ တုံ့ပြန်မှုမရှိခဲ့ပေ။
Flightradar24 ကလည်း လေယာဉ်စတင်ပျံတက်ပြီး စက္ကန့်ပိုင်းအကြာတွင် လေယာဉ်မှ နောက်ဆုံးအချက်ပြမှုကို လက်ခံရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

“ပါဝင်ခဲ့တဲ့ လေယာဉ်က ဖလိုက်နံပါတ် VT-ANB နဲ့ Boeing 787-8 Dreamliner အမျိုးအစားပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
Boeing က မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်းမရှိပေ။
သို့သော် Air India ကို ပိုင်ဆိုင်သော Tata Group က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ Air India ဥက္ကဋ္ဌ အန် ချန်ဒရာ စက္ကာရန်က” Ahmedabad-London Gatwick ခရီးစဉ် AI171 လေကြောင်းခရီးစဉ်သည် ယနေ့ ဝမ်းနည်းဖွယ်ရာ မတော်တဆမှုတစ်ခုတွင် ပါဝင်ခဲ့ကြောင်း ကျွန်ုပ် အတည်ပြုပါသည်။ ဤဖျက်ဆီးအားပြင်းသော ဖြစ်ရပ်ကြောင့် ထိခိုက်နစ်နာသူအားလုံးနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ချစ်ခင်ရသူများအတွက် ကျွန်ုပ်တို့၏ စိတ်ဆန္ဒများနှင့် အနက်ရှိုင်းဆုံး ဝမ်းနည်းကြောင်း ပြောကြားအပ်ပါသည်။” ဟု ထုတ်ပြန်ခဲ့သလို အရပ်ဘက်လေကြောင်းဝန်ကြီး ရမ်မိုဟန်နိုင်ဒူက ဖြစ်ရပ်ဖြစ်ပွားပြီး မကြာမီ ဌာန၏ ထုတ်ပြန်ချက်တွင် “အမယ်ဒါဘတ်တွင် လေယာဉ်ပျက်ကျမှုအကြောင်း သိရှိရ၍ အံ့အားသင့်ပြီး စိတ်ပျက်မိပါသည်။ ကျွန်ုပ်တို့သည် အမြင့်ဆုံးသတိဖြင့် ရှိနေပါသည်။ ကျွန်ုပ်ကိုယ်တိုင် အခြေအနေကို စောင့်ကြည့်နေပြီး လေကြောင်းနှင့် အရေးပေါ်တုံ့ပြန်ရေးအေဂျင်စီအားလုံးကို လျင်မြန်ပြီး ပေါင်းစပ်ဆောင်ရွက်ရန် ညွှန်ကြားထားပါသည်။ ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ထားပြီး ဆေးဘက်ဆိုင်ရာအကူအညီနှင့် ကယ်ဆယ်ရေးပံ့ပိုးမှုများ အခင်းဖြစ်ပွားရာနေရာသို့ အမြန်ဆုံးရောက်ရှိစေရန် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်လျက်ရှိပါသည်။ လေယာဉ်ပေါ်ပါရှိသူများနှင့် ၎င်းတို့၏ မိသားစုများအတွက် ကျွန်ုပ်၏ စိတ်ဆန္ဒများနှင့် ဆုတောင်းများ ပေးပို့အပ်ပါသည်။”ဟု ဖော်ပြခဲ့သည်။

အိန္ဒိယတွင် နောက်ဆုံးဖြစ်ပွားခဲ့သော သေဆုံးမှုများရှိသည့် လေယာဉ်ပျက်ကျမှုမှာ စရိတ်နည်း လေကြောင်းလိုင်း Air India Express ဖြစ်ပြီး အဆိုပါလေကြောင်းလိုင်း၏ Boeing-737 သည် ၂၀၂၀ ပြည့်နှစ်တွင် အိန္ဒိယတောင်ပိုင်းရှိ ကိုဇီကိုဒီအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ပြေးလမ်းမှ လမ်းချော် ကျော်လွန် ပျက်ကျကာ လူ ၂၁ ဦး သေဆုံးခဲ့ရသည်။
Ref , NDTV & FRANCE 24 with Reuters
