
၁၂.၆.၂၀၂၅
Translated by Htwe Ko Tun
Air India လေကြောင်းလိုင်းမှ ပျံသန်းရေးခရီးစဉ် AI 171 အရ အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ အမယ်ဒါဘတ်မြို့မှ ယူနိုက်တစ်ကင်းဒမ်း (ဗြိတိန်) နိုင်ငံ၊ လန်ဒန်မြို့သို့ သွားရန် လေဆိပ်မှ ဇွန်လ ၁၂ ရက်၊ မွန်းလွဲပိုင်းက လေဆိပ်မှ ပျံတက်လာခဲ့သော ဘိုးရင်း ၇၈၇-၈ Dreamliner ခရီးသည်တင်လေယာဉ်မှာ လေယာဉ်ပြေးလမ်းမှ ပျံတက်ပြီး မိနစ်ပိုင်းအတွင်းပျက်ကျခဲ့မှုတွင် လေယာဉ်ပေါ်ပါသူများအနက် တစ်ဦးသာ အသက်ရှင်ကျန်ရစ်ကြောင်း နောက်ဆုံးသတင်းများအရ သိရသည်။
လေယာဉ်ပေါ်တွင် လေယာဉ်မှူးနှစ်ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၀ ဦး၊ ခရီးသည် ၂၃၀ ဦး စုစုပေါင်း ၂၄၂ ဦး လိုက်ပါလာခဲ့ကြရာတွင် လေယာဉ်ပျက်မှု၌ အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ဟု ပြောကြားခဲ့ကြသော်လည်း နောက်ဆုံးသတင်းများက အသက် ၄၀ နှစ်ရှိ ယူနိုက်တစ်ကင်းဒမ်းနိုင်ငံသားတစ်ဦးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဟု ဖော်ပြခဲ့ကြသည်။

ယူနိုက်တစ်ကင်းဒမ်းနိုင်ငံသား ဖြစ်သူ ဗစ်ရှ်ဝါ့ရှ်မှာ လွန်ခဲ့သည့်ရက်အနည်းငယ်က အိန္ဒိယနိုင်ငံရှိ ၎င်း၏ မိသားစုထံ အလည်ပြန်လာခဲ့ခြင်းဖြစ်ပြီး အစ်ကိုဖြစ်သူ အသက် ၄၅ နှစ်ရှိ အဂျေ ကူးမား ရီမက်ရှ် နှင့်အတူ ယူနိုက်တစ်ကင်းဒမ်းသို့ ပြန်ခြင်းဟုသိရသည်။
ဗစ်ရှ်ဝါ့ရှ်က လေယာဉ်မှာ ပြေးလမ်းကြောင်းမှတက်၍ စက္ကန့် ၃၀ ခန့် အကြာမှာပင် ကျယ်လောင်လှသော အသံကြီးတစ်ခုကြားရပြီး လေယာဉ်မှာပျက်ကျခဲ့ခြင်းဟု ပြောခဲ့သည်။ ၎င်းက ထိုဖြစ်ရပ်က အလွန်လျင်မြန်စွာ ဖြစ်ခဲ့ကြောင်း ပြောခဲ့သည်။
၎င်းမှာ ရရှိဒဏ်ရာများကို အမယ်ဒါဘတ်မြို့ဆေးရုံတွင် ကုသခံနေကြောင်း သိရသည်။